CNI International News

ဘရပ်ဆဲလ်၊ ဩဂုတ် ၅

‌ယူကရိန်းသမ္မတဟောင်း ဗစ်တာယာနူကိုဗစ်ချ် (Viktor Yanukovich) နှင့် ၎င်း၏သားဖြစ်သူ အလက်ဇန္ဒား (Aleksandr) တို့ကို ဒဏ်ခတ်ပိတ်ဆို့သည့် စာရင်းထဲသို့ ဥရောပသမဂ္ဂ (EU) ၏ ကောင်စီက ဩဂုတ် ၄ ရက်တွင် ထည့်သွင်းခဲ့ကြောင်း အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကြောင့် ဖြုတ်ချခံခဲ့ရသည့် ယူကရိန်းသမ္မတဟောင်းသည် ယူကရိန်းပိုင်နယ်မြေ၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးတို့ကို ထိခိုက်စေခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်းတို့တွင် ပါဝင်ခဲ့ကြောင်း EU က စွပ်စွဲထားသည်။

အဆိုပါ ကောင်စီသည် ၎င်း၏ပိတ်ဆို့ ဒဏ်ခတ်မှု စာရင်းထဲသို့ မည်သည့် အကြောင်းကြောင့် ယာနူကိုဗစ်ချ်ကို ထည့်သွင်းရ ကြောင်း အသေးစိတ် ရှင်းပြခြင်းမရှိဘဲ ရုရှားလိုလားသူဟု ခေါ်ဝေါ်သုံးနှုန်းထားသည်။ ၎င်း၏သား အလက်ဇန္ဒားသည်လည်း ဒွန်ဘတ်စ်ဒေသ၌ ခွဲထွက်ရေး အုပ်စုများနှင့် ရောင်းဝယ်ဖောက်ကားခဲ့ကြောင်း ကောင်စီက စွပ်စွဲခဲ့သည်။

ဖေဖော်ဝါရီလ၌ စတင်ခဲ့သော ယူကရိန်းစစ်အတွင်း ရုရှားထိန်းချုပ်နယ်မြေများရှိ အစိုးရ ရာထူးအသီးသီးတွင် တာဝန် ထမ်းဆောင်ခဲ့ကြဖူးသည့် ယူကရိန်းနိုင်ငံသား အချို့မှာလည်း EU ၏ ယခင် ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲတွင် ထည့်သွင်း ခံခဲ့ရသည်။

ယူကရိန်းသမ္မတဟောင်း ဗစ်တာယာနူကိုဗစ်ချ်ကို ဆန့်ကျင်နေကြသူများ (GETTY IMAGES)

ယာနူကိုဗစ်ချ်သည် ၂၀၁၄ ခုနှစ်တွင် မိုင်ဒန် (Maidan) ဆူပူအုံကြွမှုဖြင့် အာဏာသိမ်းပြီး ဖြုတ်ချခြင်း ခံရသဖြင့် ယူကရိန်း ပြည်တွင်းမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီးနောက် ရုရှားနိုင်ငံတွင် ခိုလှုံခွင့် ရခဲ့သည်။

၎င်းကို ၂၀၁၉ ခုနှစ်တွင် ယူကရိန်းတရားရုံးက နိုင်ငံတော် သစ္စာဖောက်မှု စွဲချက်ဖြင့် ထောင်ဒဏ် ၁၃ နှစ်အထိ မျက်ကွယ် စီရင်ချက် ချခဲ့သည်။

ထိုစဉ်က သမ္မတဟောင်း ယာနူကိုဗစ်ချ်သည် တရားရုံးအပေါ် ရှားရှားပါးပါး ဖိအားပေးခဲ့ကြသည့် ယူကရိန်းအာဏာပိုင်များကို အပြစ်တင်ခဲ့ပြီး ၎င်းအား စီရင်ချက်မှာ ဥပဒေနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ငြင်းပယ်ခဲ့သည်။

ယခုနှစ် မတ်လတွင် ရုရှားအစိုးရသည် ယာနူကိုဗစ်ချ်ကို ယူကရိန်းသမ္မတ ပြန်ခန့်ရန် စီစဉ်နေကြောင်း ယူကရိန်းမီဒီယာ အချို့က ထုတ်လွှင့်ခဲ့ကြသော်လည်း ခိုင်လုံသည့် အထောက်အထား မတွေ့ရဟု အာရ်တီ သတင်းဌာနက ဆက်လက် ရေးသားထားသည်။

EU သည် ယခင်ကတည်းက ယာနူကိုဗစ်ချ်နှင့် သားဖြစ်သူကို ပစ်မှတ်ထားခဲ့သည်။

၂၀၂၁ ခုနှစ်၊ မတ်လတွင် EU ၏ ဥရောပကောင်စီသည် ယူကရိန်းရှိ နိုင်ငံ့ဘဏ္ဍာငွေများ အလွဲသုံးစွဲသည်ဟူသော စွပ်စွဲချက်ဖြင့် ယာနူကိုဗစ်ချ်၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းဆိုင်းငံ့ခဲ့သည်။

Source: အာရ်တီသတင်းဌာန