CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅

ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့အကြား ပူးပေါင်းဆောင်ရွက်စရာ လမ်းကြောင်း မရှိကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သို့ ပြောသည်။

ရခိုင်ပြည်နယ် အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုသည့် နှစ်ဖက် ထုတ်ပြန်ချက်မျိုးရှိကြောင်း၊ သို့သော်လည်း လက်တွေ့တွင် မဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “ဘာပဲပြောပြော အဲဒီအဆင့်ကို မရောက်ခင်တော့ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်တယ် ဆိုရင် တော့ ဒါလုပ်သင့်တယ်လို့ မြင်တယ်။ တကယ်တမ်း နှစ်ဖွဲ့တစ်ဖွဲ့ ဖြစ်အောင်အထိ မပေါင်းစည်းနိုင်ခင်ပေါ့။ ဒါ ကိုယ့် ရခိုင် ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအကျိုး ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒါက ဆွေးနွေးသင့်တယ်၊ လုပ်လည်း လုပ်သင့်တယ်လို့ မြင်တယ်။ ရေရှည်မှာတော့ တစ်ဖက်က အင်အားက ဇီးရိုးလောက်ပဲ ရှိတော့ ဒီဖက်ကလည်း အထင်မကြီးဘူးလေ။ ပြည်သူတွေကလည်း ULA/AA လက်နက်ကိုင် အင်အားအများကြီး အများအားဖြင့် ရခိုင်ပြည်နယ်ကို ထိန်းထားတဲ့ ULA/AA ကိုပဲ ပြည်သူတွေက အားပေးတယ်၊ ဝိုင်းဝန်းထောက်ခံတယ်။ သဘောကျတယ်ပေါ့။ အဲဒီလို အခြေ အနေမျိုးမှာ ဒီဖက်ကလည်း ပါတီပေါင်းပြီးတော့ တစ်ပါတီဖြစ်အောင် ဒီဖက်ကလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့က ရခိုင်ပြည် အကျိုးအတွက်တော့ နှစ်ဖွဲ့စလုံးက ပူးပေါင်းဆောင်ရွက်မယ်ဆို ပူးပေါင်းဆောင်ရွက်သင့်တာပေါ့။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတဲ့ အခြေအနေ မဟုတ်ဘူး။ စစ်ရေးနည်းနဲ့ ဖြေရှင်းနေတဲ့ အခြေအနေဆိုတော့က အဲဒီလိုလည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်စရာ လမ်းကြောင်းရှိမယ်လို့ မထင်ဘူး။ ဒါကြောင့် ဒီ အခြေအနေမှာတော့ သူတို့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မဆွေးနွေးဖြစ်တာလို့ပဲ ကျနော်က ယူဆတယ်” ဟု CNI သို့ ပြောသည်။

ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့ ဖမ်းဆီးခံထားရသူ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကိုတွေ့ရစဉ်

ထို့အတူ ULA/AA နှင့် ALP တို့ ပေါင်းစည်းရေးကိစ္စမှာ ရာထူးတာဝန်များအတွက် အခက်အခဲ ရှိလာနိုင်ကြောင်း ဦးဖေသန်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်က AA သည် ALP မှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ၎င်း၏ နေအိမ်ထဲသို့ ဝင်ရောက်၍ ဖမ်းဆီးသွားကြောင်း ALP မှ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ULA/AA ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

AA နှင့် ALP သည် လူမျိုး တစ်မျိုးတည်းဖြစ်ပြီး ပန်းတိုင်တစ်ခုတည်းကို ချီတက်နေသော အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံရေး အကျပ်အတည်း ကာလတွင် ရခိုင့်တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်းကြား ယခုကဲ့သို့ ဖြစ်ပေါ်နေခြင်း သည် တိုင်းရင်းသား မဟာမိတ် အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ရခိုင်လူမျိုး၏ ဂုဏ်သိက္ခာ ကျဆင်းစေ ကြောင်း ALP က ထုတ်ပြန် ပြောကြားခဲ့သည်။

ဦးဖေသန်းက “ALP ပေါ့နော်၊ ALP က ဘာကြောင့် ဒီလို အဖမ်းခံရတဲ့အထိ ဖြစ်သွားတာလဲ ဆိုတာတော့ ကျ‌နော်လည်း မပြော တတ်ဘူး။ ဒါပေမဲ့ ALP ကလည်း ထပ်ပြီးတော့ သူတို့ သတင်းပေးတယ်။ ULA/AA ရဲ့ အမာခံဆိုပြီး ထပ်ပြီး‌တော့ စစ်တွေမှာ ဖမ်းတာတွေ၊ ဆီးတာတွေ ရှိလာတယ်၊ အဲဒါမျိုးကြတော့ မကောင်းဘူးပေါ့။ ကျနော်တို့ ဒီအချိန်မှာ ULA/AA နဲ့ စစ်ကောင်စီနဲ့ အကြားမှာ အဲဒီလို အဖမ်းအဆီးတွေ ရှိတယ်၊ အဲဒီထက် မကောင်းတာက သူတို့က စစ်ကောင်စီရဲ့ အကူအညီနဲ့ပေါ့နော်၊ စစ်တပ်တွေ၊ ရဲတွေ၊ ယူနီဖောင်းတွေ ဝတ်ပြီးတော့ ဝိုင်းပြီးတော့ ဒီလူတွေကို ဖမ်းတယ်ဆိုတော့ ပိုပြီးတော့ ဆိုးရွားသွားနိုင်တာ ပေါ့။ အဖြေက ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ALP အဖွဲ့ဟာ ULA/AA ကို စစ်ရေးအရလည်း မယှဉ်နိုင်၊ စည်းရုံးရေးလည်း မယှဉ်နိုင် ပြဿနာပေါ်လာတဲ့ အခါမှာ အဲဒီလိုသာ လုပ်မယ်ဆိုရင် နောက်ဆုံး ဒီစစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖွဲ့ ဖြစ်သွား နိုင်တာပေါ့။ စစ်ကောင်စီက သူတို့ကို မြောက်ပြီးတော့ အချင်းချင်းပြန်ပြီးတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ဖို့ပေါ့နော် အဲဒီလို နည်းဗျူဟာတွေကို သုံးပြီးတော့ ULA/AA ကို ဖြိုခွင်းရာမှာ အမာခံ အဖွဲ့အစည်း ဖြစ်လာနိုင်တာပေါ့။ အဲဒီလမ်းကြောင်းကို ALP က မရောက်သွားဖို့တော့ လိုတယ်” ဟု ပြောသည်။

ALP နဲ့ နစက တွေ့ဆုံစဉ်

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် ALP မှ သက်ဆိုင်ရာပုဂ္ဂိုလ်များထံ CNI မှ အကြိမ်ကြိမ် ဖုန်းဆက် သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။

ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသော အဖွဲ့ဖြစ်ပြီး AA ကမူ မထိုးနိုင်သေးဘဲ ညှိနှိုင်းမှုများ ရှိနေသည့် အဖွဲ့ဖြစ်သည်။