CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀

မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ယခုထက် ပိုမိုအရေးယူနိုင်သော်လည်း သက်ညှာထားသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် သြဂုတ် ၁၇ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစသည်။

မစ္စနိုလင်းဟေဇာက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ပြစ်ဒဏ်များ ချမှတ်ခြင်း မပြုလုပ်မီ နေအိမ်သို့ ပြန် လည် ပို့ဆောင်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ပြုရန် နစကဥက္ကဋ္ဌကို ဆွေးနွေးခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေးထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  “မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက် ပိုမိုအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီနှင့် ဒီမိုကရေစီကို ဆန့်ကျင်သည့် အရာကို ဦးစားပေးနှိုင်းယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကို ဦးစားပေး၍ ဆောင်ရွက်မည်ဖြစ်သော်ကြောင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီးလျှင် မိမိအနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်က နိုလင်းဟေဇာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံ

တရားစွဲဆိုခြင်းကိစ္စရပ်အား ဥပမာအနေဖြင့် ပြောကြားရမည်ဆိုလျှင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Najib Razak ကို တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ တောင်ကိုရီးယား နိုင်ငံသမ္မတဟောင်း Ms. Park Geun-hye ကိုလည်း ဥပဒေအရ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် နိုင်ငံရေးသမားများဖြစ်သည့်အပြင် ဥပဒေ ကို နားလည်သဘောပေါက်၍ လိုက်နာရသည့် သူများဖြစ်သောကြောင့် ဥပဒေအရ ရင်ဆိုင်၍ ပြန်လည် ဖြေရှင်း ရန် တာဝန်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ပြန်လည် ဆွေးနွေး ချပြခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ စသည်တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ်များ အသီး သီးချမှတ်ထားသည်။

ထို့နောက် နေပြည်တော်၏ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကနေ နေပြည်တော် အကျဉ်းထောင်သို့ ပြောင်း ရွေ့ကာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် အထူးအဆောက်အအုံတစ်ခု ဆောက်လုပ်ကာ ထားရှိ ထားကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။