CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံသားများ၏ ပဋိပက္ခ ကိစ္စရပ်များ အား အခြေပြုပြီး  မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ်  ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ အသုံးချမှုများ ရှိနေသည်ဟု ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်သူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားတချို့နှင့် ထိုင်းလူငယ်တချို့ ခိုက်ရန်ဖြစ်ပွားသည့် ကိစ္စရပ်များသည် ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်း၌ ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြား သား အလုပ်သမားများအား စစ်ဆေးပြီး ပြတ်သားစွာ အရေးယူသွားမည်ဟု ထိုင်းနိုင်ငံ အလုပ်အကိုင် ခန့်ထားရေး ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ 

ထိုင်းနိုင်ငံ၏ ရွေးကောက်ခံ ပါတီအချို့သည် ထိုပဋိပက္ခ ဖြစ်စဥ်များအပေါ် အခြေပြုပြီး အခွင့်အရေး တစ်ခုအနေဖြင့် ရသည့်နည်းလမ်းကနေ နိုင်ငံရေးဆိုင်ရာအသုံးချမှု လုပ်ဆောင်နေသည့် သဘောမျိုး တွေ့ရသည်ဟု ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်သူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီကိစ္စပေါ် မူတည်ပြီးတော့ တခြားသော နိုင်ငံရေးဆိုင်ရာ အသုံးချမှုတွေ ဒါမျိုးတွေလည်း ဖြစ် လာနိုင်တယ်။ အခုဟာက အဲဒီ ချက်ချင်း လက်ငင်းဖြစ်လိုက်တဲ့ ကိစ္စကနေ စပြီးတော့ နေ့တိုင်းလိုလိုပဲ မြန်မာနဲ့ထိုင်းနဲ့ကြားက ပဋိပက္ခတွေ၊ ဖမ်းဆီးမှုတွေ ဒီကြားထဲ ရွှေ့ပြောင်းအလုပ်သမား အချို့ပေါ့နော် ဆိုးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကျူးလွန်မှုတွေဟာ တစ်နေ့တခြားကို ပိုပြီးတော့ များလာတာကို တွေ့မြင်ရတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ ခုနက ရွေးကောက်ပွဲမှာ ရွေးကောက်ခံတဲ့ ပါတီဝင်တွေ တချို့တွေက ပါတီတချို့ကပေါ့။ ဒီကိစ္စကို သူတို့ရဲ့ ကမ်ပိန်းတွေမှာ ထည့်ပြီးတော့ အသုံးချတာပေါ့။ အခုသူတို့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ အဲ့သလိုပဲ ကြော်ငြာနေတာမျိုးတွေ တွေ့တယ်။ သူတို့က ဒီ issue ကို သူတို့ရဲ့ ပါတီလမ်းစဉ်မူဝါဒထဲမှာ တစ်ခုအဖြစ်နဲ့ ထည့်သွင်းပြီးတော့ သူတို့က ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်တဲ့ဟာတွေ အခုလို ပြဿနာတွေ ကိစ္စတွေ၊ ဒါမျိုးတွေကို အမျိုးသားလုံခြုံရေး မထိခိုက်အောင် လို့ ဒီလိုမျိုးလုပ်နေတယ် ဘာညာပေါ့ဗျာ။ အဲဒါတွေကို သူတို့ကမ်ပိန်းတွေမှာ ထည့်လာနေတာတွေ တွေ့ ရတယ်။ အဲဒါကြောင့်မို့လို့ ဒီဟာတွေမှာတော့ဖြင့် ပြန်လည် အသုံးချခံနေရတာ ဒါမျိူးလုပ်တဲ့အခါကျ တော့ ထိုင်းနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ ရွှေ့ပြောင်း မြန်မာတွေ အပေါ်ကို အထင်အမြင်အားဖြင့် လွဲ စေတာပေါ့ဗျာ။ နောက်ပြီးတော့ သတိထားစေတာပေါ့ဗျာ။ ဒါမျိုးတွေ ဖြစ်တာပေါ့။  ဒီကြားထဲမှာမှ အထူး သဖြင့်က ရိုးရိုးသားသားနဲ့ နေထိုင်လုပ်ကိုင် စားသောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နေရေးထိုင်ရေး စားရေးသောက်ရေး အစစအရာရာ အကုန်လုံးကြပ်လာဝာာပေါ့နော်” ဟု ပြောသည်။ 

ထိုင်းအာဏာပိုင်နဲ့ ရွှေ့ပြောင်းများကို တွေ့ရစဉ်

‌မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ၎င်းတို့နိုင်ငံအတွင်းရှိ နိုင်ငံရေးသမားများ၏ အသုံးချမှုများ ခံခဲ့ရသည်များလည်း ရှိခဲ့ကြောင်း၊ မိမိတို့ နိုင်ငံသားများအနေဖြင့် တစ်ပါးသူ၏ နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခများတွင် အတတ်နိုင်ဆုံး ရှောင်ကြဥ်နေထိုင်ရန် လွန်စွာ လိုအပ်သည်ဟု ရွှေ့ပြောင်း အလုပ်သမား ရေး ဆောင်ရွက်သူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဒါနဲ့ ပတ်သက်လို့ကတော့ ကျနော်လည်း ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး နေခဲ့တာဖြစ်တော့ တစ်ကြိမ်တစ်ခါတုန်းကလည်း အဲ့လိုမျိုးတွေ နိုင်ငံရေးသမားတွေရဲ့ အသုံးချမှုတွေ ရွှေ့ပြောင်း အလုပ် သမားတွေ ခံခဲ့ရတယ်ဆိုတာကို ကျနော်တို့ ကြားသိရတယ်။ သို့သော် ကျနော်တို့မှာ သက်သေ အထောက်အထားတော့ မရှိဘူး။ သို့သော် သူတို့ရဲ့ လူအင်အား ရယူလိုမှုနဲ့ လူမှုရေး တစ်စုံတစ်ရာ လက်ဆောင် ဘာညာပေးပြီးတော့မှ အသုံးချတယ်ဆိုတာလည်း ကျနော် ကြားခဲ့ဖူးတယ်။ ဒီတစ်ကြိမ်မှာ လည်း ပြောလို့မရဘူးဗျ။ နိုင်ငံရေးသမားဆိုတာကလည်း သူတို့ရဲ့ ရယူလိုမှု တစ်ခုရှိတာကြောင့် အသုံးပြု တာတို့ အသုံးချတာတို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ကြိုတင်ပြီး ပြောထားချင် တာကတော့ ကျနော်တို့သည် ကိုယ့်ရဲ့ အိမ်ရှင်နိုင်ငံ မဟုတ်တဲ့ အတွက်ကြောင့် မဲပေးပိုင်ခွင့် အခွင့်အရေး လည်း မရှိဘူး။ ကိုယ်က ဧည့်သည် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေး ဆက်ဆံရေးမှာရော၊ လူမျိုးရေး ပဋိပက္ခတွေမှာရော အတတ်နိုင်ဆုံး ရှောင်ကျဉ်ပြီး နေထိုင်ဖို့ လိုအပ်တယ်လို့ပဲ ကျနော့်အနေနဲ့ ပြောချင် ပါတယ်” ဟု ပြောသည်။ 

ဖြူးထိုင်းပါတီ မဲဆွယ်နေစဉ်

ထိုပဋိပက္ခဖြစ်စဥ် အခြေအနေ အရပ်ရပ်ကြားထဲတွင် မြန်မာများ အနေဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိအောင် နေထိုင် ဆင်ခြင်သင့်ကြောင်း၊ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားနေသည့် ထိုင်း မျိုးချစ်များကလည်း ရှိနေ၍ မြန်မာများ ပါးနပ်စွာ သတိပြု ဆင်ခြင်နေထိုင်ကြရန် လိုအပ်သည်ဟု ထိုင်း ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများက အကြုံပြုကြသည်။ 

ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီများက အနိုင်ရရှိရေး မူဝါဒအမျိုးမျိုးဖြင့် မဲဆွယ် စည်းရုံးနေကြသလို ဗိုလ်နှုတ်ခမ်းမွှေးဆိုသော အမျိုးသားရေး သမားများကလည်း မြန်မာရွှေ့ပြောင်းများအပေါ် အာရုံစိုက်လျက်ရှိကြောင်း သိရသည်။