CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ပေါ်ထွက်လာသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များအတွက် အသုံးချခံ ဖြစ်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် EAO-PDF ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက် ရယူနိုင်ခဲ့သည့် နယ်မြေအချို့ကို မြန်မာ့တပ်မတော်နှင့် EAO တို့ကြား သဘောတူညီချက်များ ရရှိခဲ့ကြပြီး မြို့အချို့ကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြသကဲ့သို့ ဆုတ်ခွာ မှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသဘောတူညီမှုတွင် နွေဦးတော်လှန်ရေး အင်အားစုများနှင့်ပတ်သက်၍ အကျိုးအမြတ် မပါဝင်နိုင်ကြောင်း၊ PDF များသည် အသုံးချခံ သပ်သပ်သာ ဖြစ်နေကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နွေဦးတော်လှန်ရေးဆိုတဲ့ အပိုင်းကဏ္ဍ ကတော့လေ ကျနော့် အမြင်ကတော့ PDF တွေက အသုံးချခံ သပ်သပ် လောက်ပဲရှိတယ်။ ကျနော်တို့ ပြောမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက central  government ကို အယုံအကြည် မရှိဘူး။ အယုံအကြည် မရှိတဲ့အခါကြတော့ PDF ကိုလည်း သူတို့ ယုံကြည်မှာ မဟုတ်ဘူးလေ။ လူအင်အား လိုတာပေါ့။ လိုတဲ့အခါကြတော့ သူနယ်မြေ ချဲ့ထွင်ဖို့အတွက် အသုံးချမယ်။ ဆွေးနွေး ညှိနှိုင်းတဲ့ အခါကြရင် PDF တွေကတော့ ပါဝင်မှာ မဟုတ်ဘူး။ ယနေ့ TNLA ရဲ့ လုပ်ဆောင်ချက်ကိုကြည့် အဲဒီ အတိုင်းပဲလေ။ မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်ပေးမယ်။ မိုးကုတ်ကို မန္တလေး PDF တွေကဝင်မယ် အဲဒီအပိုင်းကဏ္ဍတွေ မှာ အငြင်းပွားမှုတွေ ကျနော်တို့ ကြားနေရတယ်။ အဲဒါကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေပဲ ဖြစ်သွားလိမ့်မယ်။ သူတို့ကတော့ သူတို့ဆီ ရောက်တဲ့လူကို အသုံးချမှာပဲလေ။ ဒါအင်အား တစ်ရပ်ပဲ။ ခါတိုင်းလည်း ပြောမယ်ဆို လူအင်အား မရတဲ့အခါကြ လိုက်ဆွဲတာတောင် ရှိသေးတာကို။ အခု လောလောဆယ် သူတို့ဆီကို လာခဲ့တဲ့အခါကြတော့ သူတို့ ကောင်းကောင်း အသုံးပြုမှာပေါ့ အဲဒါကတော့” ဟု ပြောသည်။ 

NUG နဲ့ MDY-PDF ခေါင်းဆောင်ကို တွေ့ရစဉ်

၂၀၂၁ ခုနှစ် နောက်ပိုင်း ပေါ်ထွက်လာသည့် PDF တပ်ဖွဲ့များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)  နယ်မြေများသို့ သွားရောက်ကာ စစ်သင်တန်းများ တက်ရောက်သင်ကြား၍ EAO များ သိမ်းပိုက်လိုသော နယ်မြေ များကို ရှေ့တန်းကနေ တိုက်ခိုက်ပေးရလျက်ရှိသည်။ 

တိုက်ပွဲများ ပြင်းထန်ကာ နယ်မြေသိမ်းပိုက်မှု အများအပြား ရရှိခဲ့ကြသည့် ၁၀၂၇ စစ်ဆင်ရေးတွင် အဓိက ပါဝင်ခဲ့ ကြသော ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့သည် လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် အပစ်ရပ် လက်မှတ်ထိုးထားကြသည်။

ထို့အပြင် သိမ်းပိုက်ရရှိထားသည့် မြို့အချို့မှ ဆုတ်ခွာကာ မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရာ PDF ပူးပေါင်းတပ်များနှင့် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သည်။

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း မှာ PDF များ၏ အင်အားကို ရယူ၍ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး သယံဇာတနှင့် ကုန်သွယ်ရေး အကျိုး အမြတ်ရှိသည့် နယ်မြေများကို သိမ်းပိုက်ရရှိထားသည်။

KIA နဲ့ PDF ကို တွေ့ရစဉ်

သို့သော် KIA သည် မြန်မာ့တပ်မတော်နှင့် လျှို့ဝှက် ဆက်သွယ်၍ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေ ပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးမည့် နေရာကို ညှိနှိုင်းနေသည်။

မိမိတို့၏ အမျိုးသားရေး အကျိုးစီးပွားကိုသာ ကြည့်နေမည်ဆိုပါက ပူးပေါင်းမှု၊ ဦးဆောင်မှု၊ မဟာမိတ်ဖွဲ့မှုများ သည် အတုအယောင်များသာ ဖြစ်နေမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကိုယ်တို့နိုင်ငံကတော့ စစ်ကော်မရှင် အပါအဝင် စေတနာမှန်မှန်နဲ့ ဦးဆောင်ပြီး မလုပ်လို့ရှိရင်တော့ ပူးပေါင်းမှုကလည်း အတုပဲဖြစ်မှာပဲ။ နောက်ပြီး ပြည်ထောင်စုကလည်း အတုပြည်ထောင်စုပဲ ဖြစ်နေမှာပဲ။ မဟာမိတ်တွေနဲ့ ပူးပေါင်းရင်လည်း အတုမဟာမိတ်တွေ ဖြစ်လာမှာပဲ ဖြစ်နေမှာပဲ။ ဘာလို့ဆိုတော့ ကိုယ့် အမျိုးသားရေး အကျိုးပဲ ကြည့်နေကြတယ်။ အခု TNLA လည်း အဲဒီလိုပဲ။ TNLA က သူ့အမျိုးသားရေး အကျိုးပဲ ကြည့်တယ်။ PDF တွေရဲ့ အကျိုးစီးပွားကိုလည်း လှည့်မကြည့်ဘူး။ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ အကျိုးစီးပွား ကိုလည်း မကြည့်ဘူးဆိုတော့ လက်တွေ့ အနေထားအရကတော့ ကိုယ်သာလို့ရှိရင် ကိုယ်ကသွားလိုက်တယ်၊ သူသာလို့ရှိရင် သူကသွားလိုက်တယ်။ အဲဒီလို အနေအထားပဲ ဖြစ်နေမှာပဲ” ဟု ပြောသည်။

EAOs များသည် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နိုင်ရေးနှင့် နယ်မြေသိမ်း ထိန်းချုပ်နိုင်ရေးအတွက် လက်နက်ကိုင် လှုပ်ရှားမည့် အင်အားစု အများအပြားကို PDF များဆီကနေ ရလိုက်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထိုအခင်းအကျင်းတွင် အမှန်တကယ် အင်အားစုဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုများသည် PDF တို့သာ အဓိက ခံစားလိုက် ရခြင်းဖြစ်ကာ နိုင်ငံရေး အကျိုးအမြတ်ကိုမူ EAO များမှ ရရှိသွားကြသည်ဟုလည်း ၎င်းတို့က ထောက်ပြကြသည်။