CNI News
၂၀၂၅ ခုနှစ်၊ မေ ၉
ဒီမိုကရေစီသည် လက်ရှိခေတ်ကာလတွင် အကြီးအကျယ် စိန်ခေါ်ခံနေရပြီဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က စက်မှုတော်လှန်ရေး ခေတ်မှသည် ဒီမိုကရေစီစနစ်ကို ထူထောင်ရေး ကြိုးပမ်းခဲ့သလို ယခုခေတ်သည် AI နည်းပညာခေတ်မှ ဒီမိုကရေစီစနစ် ထူထောင်ရေးဆိုကာ ပုံစံမတူဘဲ ပြောင်းလဲသွားပြီဖြစ်ကြောင်း နိုင်ငံရေးသမား များက ထောက်ပြကြသည်။
လူ့အဖွဲ့အစည်း အနေဖြင့် ဒီမိုကရေစီသည် အာဏာအပြောင်းအလွှဲ မဟုတ်ဘဲ ကျင့်စဥ်ဖြစ်ကြောင်းကို မှန်မှန် ကန်ကန် နားလည်ရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
၎င်းက “ကျနော်တို့က ဒီမိုကရေစီဆိုတာကို မှန်မှန်ကန်ကန် နားလည်ဖို့ လိုမယ်လို့ မြင်တယ်၊ ဒီမိုကရေစီဆိုတာက အာဏာအပြောင်းအလွှဲ မဟုတ်ဘူးဗျ၊ ကျင့်စဥ်။ ကျင့်စဥ်ဆိုတာ ၅ နှစ် သက်တမ်းနဲ့လည်း ဒီမိုကရေစီ ချက်ချင်း ဖြစ်မသွားဘူး၊ အမေရိကန်တို့လိုမျိုး ဥရောပတွေ နိုင်ငံတွေမှာ ဒီမိုကရေစီ အခုအခြေအနေ ရောက်လာတယ်ဆို တာ နှစ်ပေါင်းရာနဲ့ချီပြီးတော့ ဆယ်စုနှစ်ပေါင်းများစွာ တဖြည်းဖြည်းနဲ့ လေ့ကျင့်လာခဲ့ရတာ၊ ဒါတောင်မှ သူတို့ ကိုယ်တိုင် ဒီမိုကရေစီ အသွင်ပြောင်းလာတဲ့ကိစ္စကို နိုင်ငံတိုင်းမှာ ရင်ဆိုင်နေရတယ်၊ ကျနော်တို့ စက်မှုတော်လှန် ရေးခေတ်က ဒီမိုကရေစီနဲ့ AI ခေတ်က ဒီမိုကရေစီနဲ့ဟာ အများကြီးပုံစံတွေ ပြောင်းသွားပြီ၊ အဲဒီတော့ ပြောရရင် နည်းပညာရဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို လူ့အဖွဲ့အစည်းက အမီမလိုက်နိုင်ဘူး၊ အထူးသဖြင့် ဥပဒေ အဆောက် အအုံတွေ၊ တရားဥပဒေစိုးမိုးရေး အဆောက်အအုံတွေကအစ နည်းပညာကိုမီအောင် မလိုက်နိုင်ဘူး၊ ဒါကြောင့်မို့လို့ ဒီမိုကရေစီကိုယ်၌က ဒီကာလမှာ အကြီးအကျယ်ကို စိန်ခေါ်ခံနေရပြီလို့ မြင်ပါတယ်” ဟု ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီအား ပြန်လည် ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်မျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားခေါင်းဆောင်အချို့သည် ဖက်ဒရယ် အခွင့် အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေသော်လည်း ဒိမိုကရေစီ၏ သဘောသဘာဝအား မျက်ကွယ်ပြုထား ကြကာ ပြည်ထောင်စုပြိုကွဲစေရန် ဦးတည်ဆောင်ရွက်နေကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြား ခဲ့သည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖြစ်ချင်သည်များ၊ ဖြစ်သင့်သည်များအား ချင့်ချိန်စဥ်းစားပြီး ပြည်ထောင်စုအကျိုးအား မျှော်ကိုးကာ ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။
ဒီမိုကရေစီသည် ပန်းတိုင်မဟုတ်ကြောင်း၊ ပန်းတိုင်ကို သွားရာလမ်းတွင် အသုံးပြုသည့် စနစ်တစ်ခုသာဖြစ် ကြောင်း၊ ထိုစနစ်အား ပန်းတိုင်လုပ်နေသောကြောင့် မဖြစ်သင့်သည့် ပြဿနာများ ဖြစ်နေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
၎င်းက “ကျနော်တို့ ဒီမိုကရေစီဟာ မြန်မာနိုင်ငံဒီမိုကရေစီမှ မဟုတ်ဘူး၊ ကမ္ဘာကြီးမှာပါ စိန်ခေါ်ခံနေရတာပေါ့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဆိုတဲ့ဟာကို ပြောကြပြီဟေ့ ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်အနေနဲ့ ကျနော်တို့က ဒီမိုကရေစီကို ပန်းတိုင်လုပ်နေတယ်၊ ဒီမိုကရေစီဟာ ပန်းတိုင်မဟုတ်ဘူး၊ ကျနော်တို့ရဲ့ ပန်းတိုင်သို့သွားရာ သွားတဲ့ နေရာမှာ အသုံးပြုတဲ့ယာဥ်ပေါ့ဗျာ၊ အမှန်တကယ်က ကျနော်တို့ရဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးတော့မှ အားလုံး သာတူညီမျှနဲ့ အကုန်လုံး ဝပြောတဲ့ တိုင်းပြည်ကြီးဆိုတဲ့ အနေအထားမျိုးကြီးတစ်ခုကို ဘယ်လိုအေးချမ်း သာယာ ဝပြောတဲ့ တိုင်းပြည်ကြီး တစ်ခုဆိုတဲ့ဟာက ပန်းတိုင်ဖြစ်ရမှာ၊ အဲဒီဟာကို ကျနော်တို့က ဘာနဲ့သွားမှာလဲ ဆိုတော့ ဒီမိုကရေစီနဲ့သွားမှာပေါ့၊ တရုတ်ပြည်ဆို သူကကွန်မြူနစ်စနစ်နဲ့ သွားတယ်ပေါ့၊ ဒီပန်းတိုင်ကို ခေါ်ဆောင်သွားမယ့် ယာဥ်ကို ကျနော်တို့က ပန်းတိုင်ကိုမေ့ပြီးတော့မှ ဒီဟာကြီးကို ယာဥ်ကို ကျနော်တို့က ပန်းတိုင်လုပ်နေတယ်၊ အဲဒီ မှာ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာတွေက မဖြစ်သင့် မဖြစ်ထိုက်တာတွေက ဖြစ်နေတာပေါ့နော်” ဟု ပြော သည်။
အတူယှဥ်တွဲနေထိုင်ကြသည့် လူအဖွဲ့အစည်း တစ်ခုအတွင်း၌ ကြုံတွေ့လာသည့် ပြဿနာများအား ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း နည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် အပြောင်းအလဲများအား ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမည်ဟု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် မြန်မာ့တပ်မတော်မရှိလျှင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမည့် တိုင်းပြည် မဟုတ် ကြောင်း NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။
လက်ရှိတွင် တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီနစ်အား မလိုချင်တော့ဘဲ တစ်ပါတီစနစ်၊ တစ်ပြည်ထောင်စနစ်များဖြင့်သာ သွားကြရန် ဆန္ဒရှိနေကြကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များက ထောက်ပြကြသည်။