CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံက ပြည်သူလူထုများအနေဖြင့် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရန် အသင့်ဖြစ်နေသလား ဆိုသည့် အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် နိုင်ငံတကာ သံတမန်များကြား သုံးသပ် ဆွေးနွေးမှုများ ရှိနေသည်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်မှာ နှစ်အနည်းငယ်သာ ရှိသေးကြောင်း၊ ဒီမိုက‌ရေစီ၏ စံချိန်စံနှုန်းများကို သိရှိလိုက်နာရန် လိုအပ်သေးကြောင်း နိုင်ငံရေးသမားအချို့က ထောက်ပြသည်။

ပြည်သူလူထုများအနေဖြင့် ဒီမိုကရေစီ၏ စည်းမျဉ်း/ စည်းကမ်းများကို သိရှိနိုင်ရန် နိုင်ငံရးသမားများတွင် ပို၍ တာဝန်ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

၎င်းက “နိုင်ငံ‌ရေးစနစ်တစ်ခု အထူးသဖြင့် အခြေခံဥပဒေပေါ့နော်၊ အခြေခံဥပဒေတစ်ခုကို ဘယ်လိုပုံစံနဲ့ အပြစ် အနာဆာ ချို့ယွင်းချက်နည်းတယ်၊ ဆိုလိုတာတော့ဗျာ၊ နောင်မှာ ကွဲထွက်သွားနိုင်တဲ့ အလားအလာ ပိုများသလား။ ကွဲထွက်မှုထက် စည်းလုံးညီညွတ်မှုကို ပိုအားပြုသလား ဘယ်လိုပုံစံနဲ့ ဖြစ်သင့်သလဲ။ နောက်တစ်ခါ ပါဝင်တဲ့ ယူနစ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပေါ့နော်၊ သူ့အစိုးရကို ရွေးချယ်ခွင့် စတဲ့ဟာတွေကို ဘယ်လောက် အတိုင်းအတာအထိ ပေးမလဲ၊ ဆိုတဲ့ဟာတွေက နိုင်ငံရေးကို နားလည်တဲ့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များနဲ့ နိုင်ငံ‌ရေးပါတီတွေပေါ့ သူတို့ကပဲ ဆုံးဖြတ်ကြတာ များပါတယ်။ ဆုံးဖြတ်ကြတာများတော့ အဲဒီဆုံးဖြတ်တဲ့ပါတီ အဲဒီဆုံးဖြတ်တဲ့ အဖွဲ့အစည်းကို ပြည်သူလူထုက ဘယ်လောက် ယုံကြည်သလဲဆိုတဲ့ပေါ်မှာ တည်တယ်၊ ပြောချင် တာက တကယ်တမ်းကြတော့ အများစုပြည်သူလူထုက ဒီအခြေခံဥပဒေဆိုတာတွေရဲ့ အလုပ်လုပ်ပုံနဲ့ အကျိုး သက်ရောက်မှုတွေကို သိပ်ပြီး ရှင်းရှင်းလင်းလင်း နားလည်တာ မရှိပါဘူး။ နားမလည်ပါဘူး။ သူတို့ ယုံကြည်တဲ့ နိုင်ငံရေးပါတီ တစ်ခုခုက ထောက်ခံတယ်၊ ဦးဆောင်ပြီးတော့ တင်ပြတယ်ဆိုရင် ပြည်သူလူထုကလည်း ထောက်ခံ လိုက်တာပေါ့၊ ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေက ပိုပြီးတာဝန်ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ထို့နောက် ၂၀၂၁ ခုနှစ်တွင် မြန်မာ့တပ်မ‌တော်က အာဏာရယူခဲ့ခြင်းကြောင့် ဒီမိုကရေစီ ဆိတ်သုန်းခဲ့ကြောင်း ထောက်ပြမှုများ ရှိသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီမိုကရေစီကို အကောင်အထည်ဖော် ဆောင်ရွက်နေသလို ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလျက်ရှိသည်။

ပြည်သူလူထုအများစုသည် ဒီမိုကရေစီ၏ လိုက်နာရမည့် စည်းမျဉ်းများကို မသိရှိသေးကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ မဲထည့်နေစဉ်

၎င်းက “အဲဒါတော့ နားမလည်သေးဘူး ကျနော်တို့ လူထုတွေက အဲဒါတော့ ကျနော်ပြောရဲတယ်၊ ဘာလို့ဆို လူထု တွေက ဒီမိုကရေစီမှာလည်း သူ့စည်းကမ်းနဲ့ သူ့စည်းနဲ့ ရှိတယ်လေ၊ ဒီမိုကရေစီဆိုတာ အကုန်လုံး လွတ်လပ်သွား ပြီလို့ မရဘူးလေ၊ ကိုယ့်ကြောင့် သူများဒုက္ခရောက်မယ့်ဟာတွေ၊ ကိုယ့်ကြောင့် သူများ အနှောင့်အယှက် ဖြစ်သွား မယ့်ဟာတွေ ဒါက ငါလုပ်ပိုင်ခွင့် ရှိတာပဲ၊ ပြည်သူတစ်ဦးချင်း ငါတို့ဒီမိုကရေစီ အခွင့်အရေးပဲ လူထုကတော့ အဲလောက်ထိ နားမလည်သေးဘူး။ ကျနော်တို့ နိုင်ငံလူထုက ဒီမိုကရေစီကလည်း ရှင်းရှင်းပြောရရင် နုတယ်လို့ ပြောရမှာပေါ့။ နုနေသေးတော့ နေရာတကာမှာ အခုမှ ဖြစ်သေးတော့ အကုန်လုံး လုပ်လို့ရတယ်၊ သူ့စည်းတွေ မရှိဘူးလို့ ထင်တဲ့သူတွေကလည်း အများကြီး ကျန်သေးတယ်လေ” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသည့်အချက် ထည့်သွင်းထားသည်ကို တွေ့ရသည်။ 

ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပိုင်ခွင့် ရှိသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်အရ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ စသဖြင့် ဖြတ်သန်းခဲ့သည်။