CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၄

ဘုရင်အား စော်ကားမှုကို တားမြစ်သည့်ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေးမှာ အစိုးရကဆုံးဖြတ်မှာ မဟုတ်ဘဲ လွှတ်တော်က ဆုံးဖြတ်ရမှာဟု တိုက်ခိုက်လာသူများကို Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ် (Pita Limjaroenrat)က တုံ့ပြန်ခဲ့သည်။

ဇူလိုင် ၁၃ ရက်နေ့က ဝန်ကြီးချုပ်ရာထူး မဲပေးရွေးချယ်ပွဲ မတိုင်ခင်မှာ ပထမဆုံး စကားပြောခွင့်ရသည့် ဘွန်ဂျာထိုင်းအမတ် ချာဒါထိုင်းဆတ်(Chada Thaised)က စတင် ဝေဖန်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ချာဒါက သူ၏ ဘွန်ဂျာထိုင်းပါတီသည် ပီတာကို ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အနေဖြင့် မဲမပေးနိုင် ကြောင်း၊ ဘုရင်စနစ်ကို ကာကွယ်ရန် မပြောင်းမလဲ တည်မြဲနေရမည့် ပုဒ်မ ၁၁၂ ကို ပီတာနှင့် သူ၏ Move Forward ပါတီက ပြင်ဆင်ရန် ဆုံးဖြတ်ထားခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

လွှတ်တော်အမတ် ချာဒါထိုင်းဆတ်ကိုတွေ့ရစဉ် (chada thaised-fb)

ပြင်ဆင်ရန် တွန်းအားပေးရေးမှာ ရှေ့သို့ချီပါတီက ဦးဆောင်သည့် ၈ပါတီညွန့်ပေါင်းအဖွဲ့က လက်မှတ်ထိုးထားသည့် နားလည်မှုစာချွန်လွှာထဲတွင် မပါဝင်သော်လည်း ပီတာက အောက်လွှတ်တော်သို့ ပြင်ဆင်ရန် အဆိုပြုလိုက်သည်နှင့် ကျန် ၇ပါတီကပါ ထောက်ခံကြလိမ့်မည်ဟု ချာဒါက ပြောကြားသည်။ 

“နားလည်မှု စာချွန်လွှာထဲ မပါဘဲနဲ့တောင် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးစားလာခဲ့ရင် ၇ ပါတီက ဘာပြောမလဲလို့ မေးချင်ပါတယ်” ဟု ချာဒါက ပြောသည်။ 

ပီတာကတော့ သူ၏ ချေပပိုင်ခွင့်ကို အသုံးချပြီး စာချွန်လွှာထဲတွင် နောက်အစိုးရ၏ မူဝါဒများသာ ပါဝင်ကြောင်း၊ ထို့ကြောင့် ဘုရင်အား စော်ကားမှုအား တားမြစ်သည့်ဥပဒေကို ပြင်ဆင်ရန်ဆိုသည့် အချက်ကို ချန်ထားခဲ့ရခြင်း ဖြစ်ကြောင်း ပြန်လည် ထောက်ပြခဲ့သည်။ 

ပီတာက “ဥပဒေပြင်ဆင်ချက်မှန်သမျှက လွှတ်တော်အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့က ဥပေဒတစ်ခုကို ပြင်ဆင်ဖို့ အဆိုကြမ်း တင်သွင်းလိုက်တဲ့အခါမှာ  သဘောထားအမြင်တွေကို ဘယ်သူမှ လက်ဝါးကြီး အုပ်ထားလို့ မရပါဘူး။ ကျနော့်ထက် ကြီးတဲ့သူတွေက အမြင်တစ်မျိုးရှိမယ်။ ကျနော်နဲ့ ရွယ်တူတွေက တခြား အမြင်တစ်မျိုး ရှိမယ်။ ကျနော်တို့ထက် ငယ်တဲ့သူတွေကတော့ မတူခြားနားစွာ စဉ်းစားမှာပါပဲ။ အမတ်တွေရဲ့ တာဝန်ကိုက သဘော တရားရေး အငြင်းပွားမှုတွေကို ဖြေရှင်းဖို့၊ နိုင်ငံအတွက် အဖြေရှာဖို့ပါပဲ”ဟု ပြောသည်။ 

“အခုက ဝန်ကြီးချုပ် မဲပေးရေး ငြင်းခုန်ပွဲပါ။ ဥပဒေပြင်ဆင်ချက်အကြောင်း ငြင်းခုန်နေကြတာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ 

ပီတာနဲ့ သူရဲ့ပါတီ၀င် အမတ်များကိုတွေ့ရစဉ်

ထို့အပြင် သူသည် သတ်မှတ်ချက်နှင့် ညီညွတ်ပြီး ဝန်ကြီးချုပ်တစ်ယောက် ဖြစ်လာရန်လည်း အပြည့်အဝ တရားဝင်သည်ဟု ပီတာက အမတ်များကို ပြောကြားခဲ့သည်။ 

ပီတာက သူဝန်ကြီးချုပ်ဖြစ်လာလျှင် အပြုအမူ စရိုက်အနေဖြင့် နည်းနည်းသာပြောပြီး များများနားထောင်ရန် ကြိုးစားမည်ဟုလည်း ကတိပြုသွားသည်။ 

ဇူလိုင် ၁၃ ရက်နေ့က ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ် တင်မြှောက်ရေး မဲပေးရွေးချယ်ရာမှာ ပီတာသည် လိုအပ်သည့် ၃၇၆ မဲထက် ၃၂၀ ကျော်သာ ရရှိခဲ့ခြင်းကြောင့် အရွေးချယ်မခံရဘဲ အစည်းအဝေးကို အဆုံး သတ်ခဲ့ရသည်။

ထို့နောက် ဒုတိယအကြိမ် ထပ်မံ ရွေးချယ်မှု ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

Source: National Thailand