CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ် နမ့်တွတ်ကျေးရွာအနီးတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ မတ်လ ၂ ရက် နံနက် ၁၁ နာရီဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

RCSS ၏ နယ်မြေထဲကို SSPP က ထိုးဖောက်ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မနေ့က ခင်ဗျား၊ ကွန်ဟိန်းမြို့နယ်ထဲမှာ SSPP က ကျနော်တို့ RCSS ရဲ့ နယ်မြေထဲကို သူတို့ ထိုးစစ် ဝင်လာတယ်ခင်ဗျ၊ ထိတွေ့မှု ဖြစ်ပြီးတော့ တိုက်ပွဲဖြစ်တယ်၊ ဒီနေ့တော့ မြေပြင်အခြေအနေ အသေးစိတ် မသိရ သေးဘူးခင်ဗျ။ တိုက်ပွဲတော့ ငြိမ်သွားပြီခင်ဗျ၊ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး ခင်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ မြေပြင်အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ မနေ့က နေ့လည် ၁၁ နာရီ ဝန်းကျင်မှာ ဖြစ်တယ် ခင်ဗျ” ဟု ပြောသည်။

မတ်လ ၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှစပြီး နေ့လည် ၂ နာရီထိ SSPP မှ အင်အား ၁၀၀ ခန့်သည် ကွန်ဟိန်းမြို့နယ်ရှိ RCSS ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း RCSS ၏ Tai Freedom တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရေး SSPP ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသောကြောင့် ဆက်သွယ်၍ မရသေးပေ။

SSPP တပ်ဖွဲ့ကိုတွေ့ရစဉ်

SSPP က RCSS ၏ နယ်မြေထဲကို ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် ရှမ်းတပ်အချင်းချင်းကြား ညှိနှိုင်းရန် မရှိသေးကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တဲ့နေရာက ကွန်ဟိန်းမြို့နယ် ခင်ဗျ၊ ကွန်ဟိန်းမြို့နယ်ဆို‌တာ ရှမ်းပြည်တောင်ပိုင်း SSPP နဲ့ RCSS နဲ့ နယ်မြေချင်းစပ်နေတဲ့ နေရာလည်း မဟုတ်ဘူးခင်ဗျ၊ ပြောရမယ်ဆိုရင် RCSS ရဲ့ အတွင်းပိုင်း တောင်ပိုင်း အောက်ပိုင်းမှာ ရှိနေတယ်ခင်ဗျ၊ အဲဒါကို သူတို့က ထိုးဖောက်ဝင်ရောက် လာတယ်ဆိုတာ အသိသာကြီးလေ၊ သူတို့ က ပြဿနာတစ်ခုကို ဖန်တီးချင်လို့ စစ်ရေးအရ လှုပ်ရှားလာတာလို့ ကျနော်တို့ မြင်တယ်လေ” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရန် ရှမ်းတပ်နှစ်တပ်ဖြစ်သည့် RCSS နှင့် SSPP တို့ကို သျှမ်းပြည်သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ အတွင်းက တောင်းဆိုခဲ့သည်။

အဆိုပါ ကော်မတီက RCSS နှင့် SSPP တို့ တိုက်ပွဲသာမက ၎င်းတို့၏ မဟာမိတ်များ ပါဝင်လာကြ၍ လူသူ လက်နက်အင်အား အဆမတန် ကြီးထွားလာပြီး အဘက်ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြင်းထန်လာကြောင်း ဆိုထားသည်။

SSPP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) မထိုးရသေးသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး RCSS ကမူ NCA ထိုးထားသော ရှမ်းလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။