CNI International News

နယူးဒေလီ၊မတ်လ ၃

ယခုသီတင်းပတ် အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ ကမ္ဘာ့အင်အား အကြီးဆုံး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရုရှား၏ ယူကရိန်း ကျူးကျော်စစ်ကြောင့် ဖြစ်သော အရှေ့နှင့်အနောက် ဆက်ဆံရေးပြိုကွဲမှုက လွှမ်းမိုးသွားခဲ့ကြောင်း အေပီမှ ရေးသားဖော်ပြခဲ့သည်။

ထို့နောက် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုနှင့် ပတ်သက်သည့် စိုးရိမ်မှုများ မြင့်တက်လာခြင်း အကြောင်းအရာကလည်း အစည်းအဝေးမှာ ထိပ်ဆုံးက ဆွေးနွေးစရာ အရေးဖြစ်လာခဲ့သည်။

အမေရိကန်နှင့် ရုရှားကြားလည်းကောင်း၊ အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် ရုရှားကြားလည်းကောင်း ဆက်ဆံရေး ဆိုးရွားနေမှု အခြေအနေများ အပါအဝင် တရုတ်အရေးတို့သည် အိန္ဒိယတွင် ကျင်းပသည့် G-20 အစည်းအဝေးတွင် ခေါင်းကြီးပိုင်းမှာ နေရာယူထားသည်။

ထိုအစည်းအဝေးကို အမေရိကန်၊ တရုတ်နှင့် ရုရှားတို့မှ နိုင်ငံခြားရေးဝန်ကြီး အားလုံး တက်ရောက်သွားမည်ဖြစ်ကာ မည်သည့်ဘက်မှ မလိုက်သော တခြား အဖွဲ့ဝင်နိုင်ငံများထံမှ ထောက်ခံမှု ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

အိန္ဒိယ G-20 အစည်းအဝေးကို တွေ့ရစဉ် (GETTY IMAGES)

ပြိုင်ဘက်နိုင်ငံသုံးခုမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သော်လည်း ၎င်းတို့ကြားတွင် သီးသန့်တွေ့ဆုံမှု ရှိလာနိုင်မည် မဟုတ်ပေ။

တရုတ်၊ ရုရှားတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးသန့် တွေ့ဆုံသွားရန် မရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(Antony Blinken)က ပြောသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ကာ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာအခမ်းအနား အများစုတွင် ယူကရိန်းစစ်ပွဲနှင့် စစ်ပွဲကြောင့်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နှင့် အစားအစာ လုံခြုံရေး အကြောင်းအရာများက ထိပ်သီးပိုင်း ခေါင်းစဉ်များအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

သို့သော် ယူကရိန်းပဋိပက္ခ တစ်နှစ်ကျော်လာချိန်တွင် ကွဲပြားမှုများ ပိုမိုကြီးထွားလာခဲ့ပြီး ယခင်ကတည်းက ဆိုးရွားခဲ့ပြီးဖြစ်သော အမေရိကန်-တရုတ် ဆက်ဆံရေး အပေါ်တွင်လည်း ဆိုးကျိုးများစွာ ပေါ်ပေါက်လာမည့် အခြေအနေမျိုး ခြိမ်းခြောက်မှု ရှိလာသည်။

ရုရှားက သဘောတူသော်လည်း အနောက်အုပ်စုမှ ပယ်ချခဲ့သော ယူကရိန်းအရေးအတွက် တရုတ်၏ ငြိမ်းချမ်းရေး အဆိုပြုချက်မှာ တိုးတက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

တရုတ်-ရုရှား- အိန္ဒိယ ခေါင်းဆောင်များကိုတွေ့ရစဉ် (GETTY IMAGES)

တရုတ်သည် ယူကရိန်းအရေးတွင် ရုရှားအား ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ရန် စဉ်းစားနေသည်ဟု အမေရိကန်ဘက်မှ ထပ်ဖန်တလဲလဲ စွပ်စွဲမှုကြောင့် ဖြစ်သည်။

ထိုစွပ်စွဲမှုများက ထိုင်ဝမ်အရေး၊ လူ့အခွင့်အရေး၊ ဟောင်ကောင်အရေးတို့အပြင် တောင်တရုတ်ပင်လယ် အရေးတို့ ကြောင့် ဆိုးရွားလျက်ရှိသော အမေရိကန်-တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထပ်မံဆိုးရွားစေခဲ့ရုံမက တရုတ်၏ မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်ဘက်မှ ပစ်ချလိုက်ခြင်းက အားလုံးမျှော်လင့်ထားသော ဘကင်ကင်၏ တရုတ်ခရီးစဉ်ကိုပါ ရွေ့ဆိုင်းမှု ဖြစ်စေခဲ့သည်။

Source: AP