CNI International News

ထိုင်ဝမ်၊ မတ်လ ၃

အမေရိကန်သည် ၎င်း၏ F-16 တိုက်လေယာဉ်များအတွက် ဒုံးကျည်များအပါအဝင် ထိုင်ဝမ်သို့ ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ လက်နက်သစ်များ ရောင်းချရန် အတည်ပြုလိုက်ပြီဟု AP သတင်းတွင် ဖော်ပြသည်။

ထိုင်ဝမ်အားလက်နက်ရောင်းချခြင်းသည် တရားမဝင်ဟု ရှုမြင်ထားသော တရုတ်သည် ထိုသို့ လက်နက်သဘောတူညီချက်မျိုးကို ရပ်တန့်ရန် ထပ်ခါတလဲလဲတောင်းဆိုထားပြီး လက်နက်ရောင်းချမှုများက ပျက်စီးနေသော အမေရိကန်-တရုတ်ဆက်ဆံရေးကို ပို၍ ဆိုးရွားလာစေနိုင်သည်။

အဆင်မြင့်တာလတ်အမျိုးအစား ဝေဟင်မှ ဝေဟင်ရှိ လေယာဉ်ပစ်လက်နက် (AMRAAM) ၂၀၀ နှင့် မြေပြင်အခြေစိုက်ရေဒါများကိုရှောင်လွှဲနိုင်သော AGM-88B HARM ဒုံးကျည် ၁၀၀ တို့ အပါအဝင် ထိုင်ဝမ်သို့ စစ်လက်နက်နှင့်စပ်ဆက်ပစ္စည်းများ ရောင်းချနိုင်ခြေရှိမှုကို အမေရိကန်ုနိုင်ငံခြားရေးဌာနက အတည်ပြုပေးခဲ့သည်ဟု ပင်တဂွန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ရောင်းချခွင့်အဆိုပြုချက်သည် အဝယ်နိုင်ငံ၏ လေကြောင်းကာကွယ်ရေးစွမ်းရည်၊ ဒေသတွင်းလုံခြုံရေးနှင့် အမေရိကန်နှင့်ပူးတွဲဆောင်ရွက်နိုင်မှုတို့ကို ထောက်ပံ့ပေးမည်ဟုလည်း ပင်တဂွန်၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြသည်။ အသစ်ဝယ်မည့်လက်နက်များသည် ကွန်မြူနစ်စစ်တပ်၏ ရန်လိုမှု၊ခြိမ်းခြောက်မှုများကို ဖြေရှင်းရေးနှင့်လေပိုင်နက်ကာကွယ်မှုအတွက် အထောက်အကူဖြစ်စေရုံသာမက ကာကွယ်ရေးအင်အားကိုလည်း မြှင့်တင်ပေးမည်ဟု ထိုင်ဝမ်ကာကွယ်ရေးဌာနက ပြောသည်။

ယခု ရောင်းချမှုတွင် Raytheon Technologies (RTX.N) နှင့် Lockheed Martin (LMT.N) တို့သည် ပင်မကန်ထရိုက်တာများဖြစ်ပြီး ထိုင်ဝမ်အားလက်နက်ရောင်းချမှုအတွက် တရုတ်ဘက်က အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားသည်။

ထိုင်ဝမ်စစ်သားများကို တွေ့ရစဉ်

လက်နက်ရောင်းချရန်စီစဉ်ထားမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပြောကြားခဲ့ပြီး အမေရိကန်အနေဖြင့် ထိုင်ဝမ်အား လက်နက်ရောင်းချမှု၊ စစ်ရေးအရ အဆက်အဆံပြုလုပ်မှုတို့ကို ရပ်တန့်သင့်သည်ဟုဆိုသည်။ အမေရိကန်သည် ဥပဒေအရ ထိုင်ဝမ်အား ကာကွယ်ရေးဆိုင်ရာ လက်နက်များ ရောင်းချခွင့် ရှိသော်ငြားလည်း တရုတ်ကသာ ထိုင်ဝမ်ကို ကျူးကျော်လာခဲ့မည်ဆိုလျှင် မည်သို့တုန့်ပြန်မည်လဲဆိုခြင်းအတွက် အဓိပ္ပါယ်နှစ်မျိုးထွက်သော မူဝါဒကို ပိုင်ဆိုင်ထားသည်။

တရုတ်နှင့်ဆက်ဆံရေးစတင်ချိန် ၁၉၇၉ ခုနှစ်မှ စတင်ကာ အမေရိကန်သည် ဘေဂျင်းအစိုးရအား တစ်ခုတည်း သော တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုထားခဲ့ပြီး တစ်ဖက်တွင်လည်း ထိုင်ဝမ်နှင့် တရားမဝင်ဆက်ဆံရေးကို ကိုင်ဆွဲထားသည်။

ထိုင်ဝမ်ကျွန်းသည် ၎င်းတို့ပိုင်ဖြစ်သည်ဟု တရုတ်ဘက်က ကြေညာထားရုံသာမက လိုအပ်လျှင် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် အင်အားသုံးသွားမည်ဟု တရုတ်သမ္မတက ပြောခဲ့သည်။

တရုတ်အစိုးရသည် ၎င်းတို့ပိုင်ဆိုင်ကြောင်း ကြေညာချက်ကို ပိုသေချာခိုင်မာစေရေးအတွက် ထိုင်ဝမ်အနီးတွင် စစ်ရေးလှုပ်ရှားမှုများကို မကြာခဏဆိုသလိုပြုလုပ်လေ့ရှိသည်။

Source:Reuters