CNI International News

ဘန်ဂါလူရူ၊ ဖေဖော်ဝါရီ ၂၄

G-20 ဘဏ္ဍာရေးအကြီးအကဲများကို လက်ခံတွေ့ဆုံမည့် အိန္ဒိယအစိုးရသည် ၎င်းတို့နှင့်ပူးတွဲထုတ်ပြန်မည့် ကြေညာချက်များ၌ ရုရှား၏ ယူကရိန်းအပေါ် တိုက်ခိုက်မှုအား ရည်ညွှန်းရာတွင် “စစ်ပွဲ” ဆိုသည့်စကားလုံး အသုံးအနှုန်းကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် ကြိုးပမ်းနေသည်ဟု ထိုကိစ္စနှင့်နီးစပ်သူတစ်ဦးက ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ယင်းက ပြီးခဲ့သည့် နိုဝင်ဘာလတွင် အင်ဒိုနီးရှားမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ဘာလီတွင် လုပ်ဆောင်ခဲ့သော အစည်းအဝေးအတွင်း ခေါင်းဆောင်များ ရရှိခဲ့သော ဘုံသဘောတူညီချက်များနှင့် ကွဲလွဲနေသည်။

အိန္ဒိယမှ တာဝန်ရှိသူများသည် “စစ်ပွဲ”အစား ပဋိပက္ခဟူသော စကားလုံး အသုံးအနှုန်းကို ပို၍ သုံးစွဲလိုနေသည် ဟုလည်း ပြောသည်။

နိုင်ငံတစ်ချို့၏ ရုရှားကို နောက်ထပ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရေး အစီအစဉ်များက အစည်းအဝေး၏ အဓိက အကြောင်းအရာများအပေါ် ဖုံးလွှမ်းသွားမည်ကို အိန္ဒိယအရာရှိများက စိုးရိမ်နေကြောင်း ထိုကိစ္စနှင့် နီးစပ်သူက ပြောသည်။

ယခုကိစ္စသည် တရားဝင် ထုတ်ပြန်ချက် မဟုတ်ခြင်းကြောင့် ၎င်းကို မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြရန်လည်း ယင်းက တောင်းဆိုသည်။

G-20 ဘဏ္ဍာရေးအကြီးအကဲများကိုတွေ့ရစဉ်

ယခုကိစ္စနှင့်ပတ်သက်၍ အိန္ဒိယဘဏ္ဍာရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးကို ဆက်သွယ်ခဲ့သော်လည်း မှတ်ချက် ပေးရန် ငြင်းဆန်သည်။

အိန္ဒိယ G-20 အစည်းအဝေး၏ ကန့်သတ်ချက်သည် နိုဝင်ဘာလ G-20 အစည်းအဝေးတွင် အသုံးပြုခဲ့သော စကားလုံး အသုံးအနှုန်းများနှင့် ယှဉ်လျှင် နောက်ပြန်ဆွဲခြင်း ဖြစ်သည်။

ဘာလီ အစည်းအဝေးကို အမေရိကန်နှင့် တရုတ်သမ္မတတို့ တက်ရောက်ခဲ့ပြီး ထုတ်ပြန်သော ကြေညာချက်တွင် G-20 ခေါင်းဆောင်များက ယူကရိန်းအရေးနှင့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းတွင် ကွဲပြားသော သဘောထား၊ အမြင်များရှိသော်လည်း အဖွဲ့ဝင်အများစုက ယူကရိန်းစစ်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု ရေးသားခဲ့သည်။

ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Apec) ဖိုရမ်မှ ထုတ်ပြန်ချက် တွင်လည်း စစ်ပွဲဆိုသော စကားလုံးကို ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းခဲ့သည်။

ရုရှား၏ ယူကရိန်း စစ်ပွဲအပေါ် စကားလုံး အသုံးအနှုန်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများ ပြန်လည် ပေါ်ပေါက် လာခြင်းက အစည်းအဝေးနှင့် ပတ်သက်သည့် အိန္ဒိယ၏တခြားသော ရည်ရွယ်ချက်များကိုလည်း မှေးမှိန်စေသည့် အလားအလာ ရှိသည်။

ပူတင်နဲ့ မိုဒီကိုတွေ့ရစဉ်

အိန္ဒိယ၏ G-20 ဥက္ကဋ္ဌ သက်တမ်းတစ်လျှောက် ပုံရိပ်အမြင့်ဆုံး အခမ်းအနားကို သောကြာနှင့် စနေနေ့တို့တွင် နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းတို့တွင် ဆင်းရဲသော နိုင်ငံများအပေါ် အကြွေးများ လျော်ပစ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် မူဝဒါရေးရာ ရှုမြင်သုံးသပ်မှုတို့အပြင် နိုင်ငံတကာ အခွန်ရေးရာ အစီအစဉ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

တရုတ်၏ အင်အားကြီးမားလာမှုကို စောင့်ကြည့်ရန်အတွက် အိန္ဒိယသည် အမေရိကန်နှင့် ယင်း၏ မဟာမိတ်များ အတွက် ပထဝီနိုင်ငံရေးအရ အရေးပါမှု မြင့်တက်လာကာ ဂျပန်၊ သြစတြေးလျတို့ ပါဝင်သော Quad တွင်လည်း အိန္ဒိယအပေါ် အာရုံစိုက်မှု မြင့်မားလာသည်။

တစ်ဖက်တွင်လည်း အိန္ဒိယအစိုးရသည် ဈေးပေါသော စွမ်းအင်နှင့်လက်နက်များ ရရှိရန် ရုရှားအစိုးရနှင့် အနီးကပ် ဆက်ဆံရေးကို ထိန်းသိမ်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

Source: ဘန်ကောက်ပို့စ်