CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံမှ ထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးကို ဥရောပသို့ တန် ၅၀ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ပြင်သစ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြုလုပ်ခဲ့သည့် အစားအသောက် အသီးအနှံပြပွဲများတွင် သွားရောက်ပြသခဲ့ပြီးနောက် ဥရောပက မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး တန် ၅၀ တင်ပို့ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဥရောပသို့ ထောပတ်သီး ၁၀ တန်ခန့်ကို ထပ်မံ တင်ပို့သွားမည်ဟု မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက CNI သတင်းဌာနသို့ ပြောသည်။

“တင်ပို့ရောင်းချတာပေါ့နော်။ ပထမဆုံး ကျနော်တို့ ကီလို ၅၀၀၊ ကီလို ၂၀၀ ပေါ့နော်၊ ကုမ္ပဏီ ၂ ခုကို ကီလို ၅၀၀ ပို့လိုက်တယ်။ အဲဒီမှာ စမ်းသပ်တယ် အောင်မြင်လို့ ကျနော်တို့က တစ်ခါပို့ရင် ၃ တန်၊ ၃ တန်နဲ့ ပို့တာပေါ့နော်။ ချုပ်ထားတာတော့ တန် ၅၀ ချုပ်တာပေါ့နော်။ ဒါပေမယ့် ရာသီက ကုန်တာက ဒီနှစ်က နည်းနည်း စောသွားလို့ လေ။ အကုန်လုံးတော့ ပြည့်သလောက်ပဲပေါ့။ အစကတည်းက ကျနော်တို့က တန် ၅၀ လောက် ချုပ်ထားတယ် ရသလောက်ပေါ့။ နောက်ဆုံး နောက် ၅ ရက်နေ့ကျရင် တစ်ခါ ထပ်ပို့မယ်။ ကျနော်တို့ကတော့ ၅ တန်နဲ့ ၁၀ တန် ကြား ပို့ဖို့ လုပ်ထားတာပဲ။ ဒါပေမယ့် ရာသီက ကုန်ခါနီးပြီဆိုတော့ အဲဒါဆိုရင်တော့ ပြည့်သွားမှာပေါ့နော်။ မဟုတ်ရင်တော့ မပြည့်ဘူးပေါ့။ ဒါပေမယ့် သူတို့ကိုလည်း အစကတည်းက ချုပ်ထားတာ နောက်ကျတဲ့အတွက် မပြည့်ရင်လည်း သူတို့ လက်ခံပေးရမယ်” ဟု ပြောသည်။

ဥရောပသို့ တင်ပို့ရာတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး၊ နောင်ချို၊ ဖယ်ခုံ၊ ဟိုပုံးမြို့နယ်တို့မှ ထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးကို အဓိက တင်ပို့လျက်ရှိပြီး ပြင်ဦးလွင်မှ ထွက်ရှိသည့် ထောပတ်သီးကိုလည်း အားဖြည့်တင်ပို့လျက်ရှိသည်ဟု သိရသည်။

ထောပတ်သီးများကို ဆွတ်ခူးပြီး ခြင်းများဖြင့် ထည့်ထားစဉ်

ဒါ့အပြင် ယခုနှစ်တွင် မလေးရှားနိုင်ငံသို့ မြန်မာ့ထောပတ်သီး တရားဝင် တင်ပို့ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း၊ ထောပတ်သီး အဓိကဝယ်ယူနေသည့် ထိုင်းနိုင်ငံနှင့်လည်း တရားဝင် တင်ပို့နိုင်ရန်အတွက် ကွန်တိန်နာတစ်လုံး စမ်းသပ်တင်ပို့ထားသည်ဟုလည်း ဦးကျော်စိုးမင်းက ဆက်ပြောသည်။

“အဓိက ဝယ်လိုအားက ထိုင်းပေါ့နော်။ ထိုင်းကတော့ ရှိသလောက် ဝယ်သွားတယ်။ ကျနော်တို့ကတော့ Export လမ်းကြောင်းကို ဖောက်တယ်ပေါ့နော်။ မလေးနဲ့ ထိုင်းကို ကျနော်တို့ Export လမ်းကြောင်း ဖောက်ပေးတယ်။ Export တရားဝင်ပေါ့နော်။ ထိုင်းကတော့ တရားဝင်တော့ မဟုတ်သေးဘူး။ ကျနော်တို့ကတော့ အောက်လမ်းနဲ့ပဲ သူတို့လိုချင်တဲ့ ပုံစံနဲ့ပေါ့နော်။ တရားဝင်တော့ မရသေးဘူး။ မလေးကတော့ တရားဝင် ရသွားတယ်။ ထိုင်းကတော့ Try နေတုန်းပဲ။ ထိုင်းကတော့ ကျနော်တို့ ကွန်တိန်နာ တစ်လုံးလောက် စမ်းသပ်ပို့ထားတယ်။ ဒါပေမယ့် ကြားထဲမှာ risk တွေတော့ ရှိသေးတာပေါ့။ အဲဒါတော့ တရားဝင် မရသေးဘူး။ ရအောင်တော့ ကျနော်တို့ ကြိုးစား နေတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ထောပတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် စိုက်ပျိုးကြပြီး စိုက်ဧက ၁ သောင်းကျော်နှင့် နှစ်စဉ်တန်ချိန် ၂၀၀၀၀(နှစ်သောင်း) ထွက်ရှိပြီး ဧကအများအပြား ထပ်တိုး စိုက်ပျိုးလာကြ သည်ဟု သိရသည်။

ပြည်ပသို့တင်ပို့ရာတွင် ရှမ်းပြည်နယ် တောင်ပိုင်းမှ ထွက်ရှိသည့် Hass အမျိုးအစား ထောပတ်သီးများကို တင်ပို့ ကြပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအထိ တင်ပို့ကြခြင်းဖြစ်သည်။

ယခုနှစ် ထောပတ်သီးရာသီတွင် တရားဝင်လမ်းကြောင်းနှင့် တရားမဝင်လမ်းကြောင်းများမှတဆင့် ထောပတ်သီး တင်ပို့မှုသည် Hass အမျိုးအစား ထောပတ်သီး တန် ၄ ထောင်ဝန်းကျင်နှင့် ဒေသအသီး ထောပတ်သီး တန် ၁ သောင်းခွဲခန့် ရှိသည်ဟု မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။