CNI News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းနေအရွယ် ကလေးများ သည် စာသင်ကျောင်းများကို စွန့်ခွာမှု များပြားလာခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးလာစေသည်ဟု စီးပွားရေးနှင့်နိုင်ငံရေးအသိုင်းအဝန်းများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားခြင်း၊ လက်နက်ပဋိပက္ခများ၊ စီးပွားရေး အကျပ် အတည်းများကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးပြီး ကျောင်း ပရဝဏ်ကို စွန့်ခွာနေရသည့် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်အထိ ရှိနေသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့(ISP Myanmar)၏ စစ်တမ်းတွင် ဖော်ပြထားသည်။
သန်းခေါင်စာရင်း အချက်အလက်များအရ ကျောင်းနေအရွယ် ကလေးဦးရေ ၁၃ သန်းဝန်းကျင်ရှိသော်လည်း လက်ရှိ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ဦးရေဟာ ၆ ဒသမ ၇ သန်းသာ ရှိသည့်အတွက် ထက်ဝက်နီးပါး ဖြစ်သည့် ကျောင်းနေအရွယ်ဦးရေ ၆ ဒသမ ၃ သန်းကျော်ဟာ ပညာသင်ယူခွင့် ဆုံးရှုံးနေခြင်း ဖြစ်သည်။
တခြားသော နိုင်ငံများနှင့် တန်းတူပညာရေး ရရှိရန်အတွက် မြန်မာနိုင်ငံက ကြိုးစားနေချိန်တွင် ယခုကဲ့သို့ ကျောင်းကို စွန့်ခွာသွားရသည့် အရေအတွက် များပြားလာခြင်းသည် တိုင်းပြည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် နှောင့်နှေးစေကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မိုးနဲပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းအပ်နှံနေကြစဉ်
၎င်းက “ပညာတတ်တဲ့သူနည်းရင် အဲဒီနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုက နည်းမှာပဲလေ။ နိုင်ငံမတည်မငြိမ် ဖြစ်နေ သ၍ကတော့ စာမသင်ရဘူးဆို ကတည်းကတော့ ဒီနိုင်ငံရဲ့ ပညာရေးကတော့ ငါတို့ ကလေးတွေရဲ့ အနာဂတ်ကတော့ အင်မတန် စိုးရိမ်စရာ ကောင်းတာပေါ့။ သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
တိုင်းပြည် တည်ဆောက်ရေးတွင် အသိပညာရှင်၊ အတတ်ပညာရှင် ခေါင်းဆောင်များစွာ လိုအပ်သည့်အတွက် ပညာတတ်များ များစွာ လိုအပ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျောင်းကို စွန့်ခွာသွားရင်တော့ ပညာတတ် နည်းပါးသွားရင်တော့ ဆင်ခြင်တုံတရား နည်းတာပေါ့။ ဆင်ခြင်တုံတရား နည်းသွားရင် တိုင်းပြည်မှာက တည်ဆောက်တဲ့ အခါကျတော့ အသိပညာရှင်၊ အတတ်ပညာရှင် အများကြီး လိုတယ်လေ။ လူငယ်တွေက နောင်အနာဂတ် ခေါင်းဆောင်ဆိုတော့ နောက်ပိုင်း ဖြစ်လာမယ့် ခေါင်းဆောင်တွေရဲ့ အလောင်းအလျာတွေက ပညာမတတ်ရင် ဘယ်လိုဖြစ်သွားမလဲ။ ဒါကြောင့်မို့လို့ ပညာတက်အောင် ပညာသင်မှ ရမယ်လေ။ ပညာမသင်ဘဲနဲ့တော့ ပညာမရှိနိုင်ဘူးလေ” ဟု ပြောသည်။
ကျောင်းကို စွန့်ခွာသွားရသည့် ကျောင်းသားနှုန်းထားသည် မြန်မာနိုင်ငံတွင် နှစ်စဉ် တိုးပွားလျက်ရှိနေပြီး ထိုကျောင်းသားများ၏ ဘဝရှေ့ရေးအတွက် ကျောင်းပြင်ပ ပညာရေး၌ နောက်ထပ် အစီအစဉ်တစ်ခု ရေးဆွဲရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းအပ်နှံနေကြစဉ်
၎င်းက “နောက်ဆုံး ကျောင်းထွက်သွားတဲ့ dropout ကလေးတွေ အကုန်လုံးအတွက်က သူတို့ရဲ့ ဘဝရှေ့ရေးအတွက်ပေါ့ နော်။ ဒီဟာကို ကျနော်တို့က formal education ထဲမှာ ပြန်ပြီးတော့ ပေါင်းစည်း မပေးနိုင်ရင်တောင်မှ ကျနော်တို့ ဘာ informal education မှာ ကျနော်တို့ ဘာလုပ်ပေးလို့ ရမလဲဆိုတာ ပညာရေးအနေနဲ့ စဉ်းစားရမယ်။ ပြီးရင် နောက်ထပ်က ဘာလဲဆိုတော့ ကျနော်တို့ သူတို့ရဲ့ ဘဝရှေ့ရေး အတွက်တွေ သွားဖို့အတွက်က ထွက်သွားတဲ့ ကျောင်းထွက်နှုန်း နဲ့က dropout တွေအတွက် စဉ်းစားထားတဲ့ နောက်ထပ် ပညာရေး Plan တစ်ခုက ရှိရမှာပေါ့။ အဲဒီဟာတွေကို သေသေချာချာလုပ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ထို့နောက် လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်လာကြရသည့် ကျောင်းသားများတွင် ကျောင်းထွက် လက်မှတ်နှင့် ကျောင်းပြောင်း လက်မှတ်များ မရှိသည့် အတွက်ကြောင့် ကျောင်းအပ်နှံ၍ မရသည့် ပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိနေသည်။
