CNI International News

ပဲရစ်၊ ဇူလိုင် ၉

ပြင်သစ်နိုင်ငံတွင် လက်ဝဲယိမ်းပါတီတစ်ခုက မာရင်း လီ ပန် (Marine Le Pen) ၏ တောင်းဆိုချက်ဖြစ်သော လက်ယာယိမ်းအစိုးရဖွဲ့ရန် ကြိုးပမ်းမှုကို ပိတ်ပင်ခဲ့ပြီးနောက် ဇူလိုင် ၈ ရက်မှစပြီး လွှတ်တော်၌ အစိုးရဖွဲ့ရန် ဆွေးနွေးညှိနှိုင်းမှုများသည် ရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိဘဲ မတိုးသာမဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လက်ဝဲယိမ်း New Popular Front (NFP) သည် ဇူလိုင် ၇ ရက် ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်၌ သြဇာ လွှမ်းမိုးနိုင်သည့် အင်အားစုတစ်ခု ဖြစ်လာခဲ့သော်လည်း NFP ပါတီ အပါအဝင် မည်သည့်ပါတီကမျှ နေရာအများစု ကို မရခဲ့သဖြင့် သီးသန့်အစိုးရဖွဲ့နိုင်ခဲ့ခြင်း မရှိပေ။

ထိုရွေးကောက်ပွဲ ရလဒ်သည် ပဲရစ် (Paris) မြို့တော်၌ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံမကျင်းပမီ သီတင်းပတ် အနည်းငယ်အလိုတွင် ပြင်သစ်နိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုကို ဖော်ပြရာရောက်ရှိခဲ့သလို လက်ရှိသမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) အတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။

ပြင်သစ် ပြည်သူများကို တွေ့ရစဉ်

ထို့ပြင် ဥရောပဇုန်၏ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် ပြင်သစ်၏ သေချာရေရာမှု မရှိသည့် အနေအထားသည် ဥရောပသမဂ္ဂအတွင်း ၎င်း၏ အခန်းကဏ္ဍကို အားနည်းစေခဲ့သည်။

ဇူလိုင် ၇ ရက်က ရွေးကောက်ပွဲတွင် လက်ယာယိမ်းအုပ်စုက ၁၈၂ နေရာ အနိုင်ရခဲ့ပြီး မက်ခရွန်၏ ဗဟိုမဟာမိတ် အင်အားစုက ၁၆၈ နေရာ အနိုင်ရခဲ့ကာ လီပန်၏ RN ပါတီနှင့် မဟာမိတ်များက ၁၄၃ နေရာ ရရှိခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတမက်ခရွန် အနေဖြင့် ဝန်ကြီးချုပ်သစ် တစ်ဦးကို အမည်စာရင်း တင်သွင်းရန် NPF ပါတီကို တရားဝင် ဖိတ်ခေါ်သင့်သည်ဟု NFP ပါတီ အကြီးအကဲတစ်ဦးဖြစ်သည့် မာရင်း တွန်ဒယ်လီယာ (Marine Tondelier) က ပြောကြားခဲ့သည်။

 ပြင်သစ် ပြည်သူများကို တွေ့ရစဉ်

လက်ရှိဝန်ကြီးချုပ် ဂေဘရီယယ် အက်တယ်လ် (Gabriel Attal) ကမူ သူသည် ဇူလိုင် ၇ ရက်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း သမ္မတမက်ခရွန်က ၎င်း၏နုတ်ထွက်မှုကို ချက်ချင်း လက်ခံရန် ရှိ/မရှိ တိကျစွာ မသိရသေးပေ။

အစိုးရဖွဲ့ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် အက်တယ်လ်က သူသည် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

NFP ပါတီ ခေါင်းဆောင်များသည် ဇူလိုင် ၇ ရက် ညပိုင်းက အစိုးရဖွဲ့ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး ပထမအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း မီဒီယာများကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

Source: ရိုက်တာ