CNI International News
ဝါရှင်တန်၊ ဇူလိင် ၂၆
ယခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြင်သစ်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုသွားမည်ဟု ပြင်သစ်သမ္မတ မက်ခရွန်(Emmanuel Macron)က ထုတ်ပြန်ကြေညာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
မက်ခရွန်က ပါလက်စတိုင်း အာဏာပိုင်အဖွဲ့သမ္မတ မာမွတ်အက်ဘက်စ် (Mahmoud Abbas) ထံပေးပို့ခဲ့သော သဝဏ်လွှာတွင် ဖော်ပြထားသည့် ယင်းအကြောင်းအရာကို လူမှုမီဒီယာ၌ မျှဝေခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ဆောင်မှုသည် အရှေ့အလယ်ပိုင်းတွင် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ပြင်သစ်၏ သမိုင်းဝင် ကတိကဝတ်ကို ထင်ဟက်စေသည်ဟု မက်ခရွန်က ပြောသည်။
ပြင်သစ်သည် ပါလက်စတိုင်းကို တရားဝင် အသိအမှတ်ပြုသော ပထမဆုံး အင်အားကြီး အနောက်နိုင်ငံ ဖြစ်လာ လိမ့်မည်ဖြစ်သည်။
ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ပါလက်စတိုင်းသမ္မတကို တွေ့ရစဉ်
ပြင်သစ်၏ ကြေညာချက်ကို အစ္စရေးနှင့် အမေရိကန် နှစ်နိုင်ငံလုံးက ချက်ချင်း ဝေဖန်ရှုတ်ချခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု (Benjamin Netanyahu)က ထိုလုပ်ဆောင်ချက်ကို “အကြမ်းဖက် မှုအတွက် ဆုလာဘ်တစ်ခု”ဟု ခေါ်ဆိုခဲ့သည်။
ထို့နောက် ယင်းသည် နောက်ထပ် အီရန် ကျောထောက်နောက်ခံပြု ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်သည်ဟု ၎င်းက သတိပေးထားသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် (Israel Katz) ကလည်း ထိုဆုံးဖြတ်ချက်သည် ရှက်ဖွယ်ကောင်း ကြောင်း ပြောကြားခဲ့ပြီး အစ္စရေးအနေဖြင့် ၎င်း၏လုံခြုံရေးကို ခြိမ်းခြောက်သည့် မည်သည့် ပါလက်စတိုင်း အဖွဲ့အစည်းမျိုးကိုမဆို ခွင့်ပြုသွားမည် မဟုတ်ဟု ကတိပြုပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို(Marco Rubio)ကလည်း ထိုအစီအစဉ်ကို ရှုတ်ချခဲ့ပြီး အမေရိကန် အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
ဝေဖန်မှုများ ရှိနေသော်လည်း မက်ခရွန်က သူသည် လာမည့် ကုလသမဂ္ဂ အစည်းအဝေးတွင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုသည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမည်ဟု အခိုင်အမာ ပြောကြားထားသည်။
Source: ရိုက်တာ