CNI International News

တိုကျို၊ ဇူလိုင် ၂၆

ဂျပန်နိုင်ငံတွင်  “ဂျပန်သည်သာ ပထမ”(Japanese First) ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ပြည်ပနိုင်ငံသားများကို ဝေဖန်ရာကနေ လူသိများထင်ရှားလာသည့် လက်ယာယိမ်း ဆန်စီတို(Sanseito)ပါတီအပေါ် လူငယ်မဲဆန္ဒရှင် များ၏ ထောက်ခံမှုနှုန်း မြင့်တက်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုပါတီကို ထောက်ခံသည့် အသက် ၃၈ နှစ်အရွယ် ဆံသပညာရှင် ယူတာ ကာတို (Yuta Kato) ကလည်း ပြည်ပ ခရီးသွားများသည် ဂျပန်၏ လူမှုရေး စည်းကမ်းများကို မလိုက်နာကြောင်း ပြောကြားပြီး ပြည်ပခရီးသွားမည်ကို စိတ်ပျက်နေသည်ဟု ဆိုသည်။

ပြည်ပနိုင်ငံသားများသည် တိုကျို (Tokyo) မြို့တော်၏ လူကုန်တန်များ နေထိုင်သော ဂျင်ဇာ (Ginza) ရပ်ကွက်ရှိ လမ်းများပေါ်တွင် ပြည့်နှက်နေပြီး ကားများ၊ ရထားများပေါ်တွင်လည်း ဖုန်းထဲမှ ဗွီဒီယိုများကို အသံအကျယ်ကြီး ဖွင့်ကြည့်နေကြသည်ဟု ဆိုသည်။

“ဒါက လူမျိုးရေး ခွဲခြားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က ဒီက ယဉ်ကျေးမှုနဲ့ စည်းကမ်းတွေကို ဘာလို့ မသိကြတာလဲ” ဟု ကာတိုက ပြောကြားခဲ့သည်။

Sanseito ပါတီသည် လူမှုမီဒီယာများ အထူးသဖြင့် YouTube ကို အသုံးပြုပြီး ၎င်းတို့၏ မူဝါဒများကို ကြေညာနေ သဖြင့် အသက် ၁၈ နှစ်မှ ၃၉ နှစ်ကြား လူငယ်များကြားတွင် ရေပန်းစားသည့် ပါတီဖြစ်သည်။

ဂျပန်မဲဆန္ဒရှင်များကို တွေ့ရစဉ်

ထိုပါတီကို ထောက်ခံသူများသည် ပါတီ၏ သတင်းထုတ်ပြန်မှုများအတွက် YouTube နှင့် အခြားလူမှုမီဒီယာများ ကို ကြည့်ရှုနေကြသည်။

Sanseito ပါတီသည် ပြည်ပနိုင်ငံသားများကို မလိုလားသည့် သဘောထားကို ပြသခဲ့သော်လည်း မည်သည့် နိုင်ငံသားများကို မလိုလားကြောင်း အမည်တပ် ပြောဆိုခဲ့ခြင်း မရှိပေ။

သို့သော် ကျွမ်းကျင်သူများကမူ Sanseito ပါတီသည် ပြည်ပခရီးသွားများအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမည့် အရေးကို စိုးရိမ်နေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသားများသည် ဂျပန်တွင် အများဆုံး နေထိုင်သည့် ပြည်ပနိုင်ငံသား အုပ်စုဖြစ်ပြီး ဂျပန်ကို ဖြေးဖြေး ခြင်း လွှမ်းမိုးနေသည်ဟု ကာတိုက ယူဆထားသည်။

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် အသက် ၇၀ ကျော်အရွယ် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို အခိုင်အမာ ရရှိထားသော်လည်း လူမှုမီဒီယာများ အထူးသဖြင့် YouTube အသုံးပြုမှု အားနည်းခြင်းကြောင့် မျိုးဆက်သစ် လူငယ်များနှင့် ချိတ်ဆက်ရန် ရုန်းကန်နေရသည်။

Sanseito ပါတီ၏ အွန်လိုင်း မဟာဗျူဟာသည် အလုပ်ဖြစ်ခဲ့ပြီး ၎င်းတို့ပါတီ၏ YouTube ချန်နယ်သည် LDP ပါတီ၏ YouTube ချန်နယ်ထက် subscriber ၃ ဆကျော် များပြားသည်။

“သူတို့က YouTube ပေါ်က ပါတီလို့တောင် ပြောလို့ရပါတယ်” ဟု လက်ယာယိမ်းမူဝါဒများကို စာအုပ်တစ်အုပ် ရေးသားခဲ့သည့် ကန်ဒါတက္ကသိုလ် (Kanda University) ၏ ကထိက ဂျက်ဖရီ ဟောလ် (Jeffrey Hall) က ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး YouTube ကုမ္ပဏီက ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။

သို့သော် YouTube ကုမ္ပဏီကမူ ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်တွင် ထိခိုက်နစ်နာစေ‌သော သို့မဟုတ် အန္တရာယ်ရှိသည့် အကြောင်းအရာများကို ဖယ်ရှားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ