CNI International News

ပဲရစ်၊ ဇူလိုင် ၁၃

ပြင်သစ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ထင်ကြေးပေးခံထားရသော အတိုက်အခံခေါင်းဆောင် မာရင်း လီပန် (Marine Le Pen) ၏ National Rally (NR) သည် အံ့အားသင့်ဖွယ် ရှုံးနိမ့် ခဲ့ပြီးနောက် ပါတီကိုယ်စားလှယ်လောင်းများအတွင်း အစားထိုး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် စီစဉ်ထား ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

NR ပါတီသည် ၎င်း၏ လက်ယာယိမ်း အစိုးရဖွဲ့ရန် အားထုတ်ကြိုးပမ်းမှုကို တားဆီးနေသည့် အခြားပါတီများ၏ အစီအစဉ်ကို အောင်မြင်စွာ တန်ပြန်နိုင်ရန် ကိုယ်စားလှယ်လောင်းများ လဲလှယ်ရန် စီစဉ်ဖွယ်ရှိနေသည်။

ဇွန်လက ပြုလုပ်ခဲ့သည့် ဥရောပ ပါလီမန်ရွေးကောက်ပွဲတွင် လီပန်၏ပါတီက ပြတ်သားစွာ အနိုင်ရခဲ့သဖြင့် ပြင်သစ် လွှတ်တော်ရွေးကောက်ပွဲတွင်လည်း RN ပါတီကသာ နေရာအများစု အနိုင်ရလိမ့်မည်ဟု ရွေးကောက်ပွဲ အကြို လူထုသဘောထားဆန္ဒ စစ်တမ်းများက ဖော်ပြခဲ့သည်။

လီပန်ကိုတွေ့ရစဉ်

သို့သော် ရွေးကောက်ပွဲအပြီး ရလဒ်များတွင် RN ပါတီသည် ၁၂၅ နေရာဖြင့် တတိယအများဆုံး နေရာသာရရှိခဲ့ပြီး New Popular Front ပါတီက နေရာ ၁၈၀ ဖြင့် နေရာအများဆုံးရခဲ့ကာ Ensemble လစ်ဘရယ်ညွှန့်ပေါင်းအဖွဲ့က ၁၅၉ နေရာဖြင့် ဒုတိယရရှိခဲ့သည်။

ထို့ကြောင့် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပြင်သစ်တွင် လက်ယာစွန်း အစိုးရဖွဲ့စည်းမည့် RN ပါတီ၏ မျှော်လင့်ချက် များကို အကောင်အထည် ပေါ်မလာစေရန် ဗဟိုနှင့် လက်ဝဲပါတီများက တားဆီးနိုင်ခဲ့သည်။

လီပန်သည် လက်ရှိသမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) ကို ရှုံးနိမ့်ခဲ့သည့် ၂၀၁၇ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီးတွင် ချမှတ်ခဲ့သော လမ်းစဉ်အတိုင်း အပြောင်းအလဲများကို လုပ်ဆောင်မည်ဆိုပါက ရွေးကောက်ပွဲဆိုင်ရာ အတားအဆီးများအား ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း RN ပါတီအရာရှိများနှင့် လွှတ်တော်အမတ်များက ပြောကြားခဲ့သည်။

ပြင်သစ်ပြည်သူများကိုတွေ့ရစဉ်

ရွေးကောက်ပွဲပြုလုပ်သည့် ကာလအတွင်း RN ပါတီ၏ ကိုယ်စားလှယ်လောင်းတစ်ဦးသည် နာဇီ ဦးထုပ်ဆောင်းပြီး ဓာတ်ပုံအရိုက်ခံခဲ့သည့် သတင်းများ ပေါ်ထွက်လာခဲ့ပြီး၊ အခြားကိုယ်စားလှယ်လောင်း တစ်ဦးကလည်း လူမျိုးရေး ခွဲခြားမှုဆန်သော စကားလုံးများ ပြောကြားခဲ့သဖြင့် RN ပါတီကို ထိခိုက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

"ကျနော်တို့အနေနဲ့ ကျနော်တို့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ အဲဒီလို အမှားအယွင်းတွေကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်" ဟု RN ပါတီအရာရှိ တစ်ဦးဖြစ်သည့် ဂျူလီယန် မက်ဆန် (Julien Masson) က ပြောကြားခဲ့သည်။

ထို့ကြောင့် RN ပါတီသည် ပါတီတွင်းရှိ ပရော်ဖက်ရှင်နယ် မဆန်သည့် ကိုယ်စားလှယ်လောင်းများ နေရာတွင် ပိုမို သင့်လျှော်သော ကိုယ်စားလှယ်လောင်းများဖြင့် အစားထိုးပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ