CNI International News

မော်စကို၊ မေ ၄

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်တို့ မေလ ၃ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာ ယူကရိန်းအစိုးရဘက်မှ အလေးအနက်ကြိုတင်ပြင်ဆင်မှု မတွေ့ရသေးသော်လည်း ရုရှားအနေဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားဆဲဖြစ်သည်ဟု ပူတင်က ပြောကြားခဲ့ကြောင်း ကရင်မလင် သမ္မတနန်းတော်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ကြေညာခဲ့သည်။

“ရုရှားသမ္မတက ပြင်သစ်သမ္မတကို ယူကရိန်းကိုယ်စားလှယ်တွေနဲ့ စေ့စပ်ညှိနှိုင်းရေး အခြေခံချဉ်းကပ်ပုံ ချဉ်းကပ် နည်း ရှင်းပြခဲ့ပါတယ်။

အထူးသဖြင့် ကိယက်ဗ်ရဲ့ ရှေ့နောက်မညီတဲ့စကားတွေနဲ့ အလုပ်သဘောဆွေးနွေးမှု ကြိုတင်ပြင်ဆင်တာ မတွေ့ရပေမယ့် ရုရှားကတော့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတုန်းပါလို့ ကျနော်တို့ သမ္မတက အလေးပေးပြောကြားခဲ့ပါတယ်” ဟု ကရင်မလင်က ကြေညာခဲ့သည်။

ဥရောပသမဂ္ဂ (EU) နိုင်ငံများသည် ယူကရိန်းတပ်ဖွဲ့များ ကျူးလွန်သောစစ်ရာဇဝတ်မှုများကို လျစ်လျူရှုထား ကြောင်း ပူတင်က မက်ခရွန်ကို ဆက်လက်ပြောကြားခဲ့သည်။

“ယူကရိန်းတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ဒွန်ဘတ်စ်ဒေသမှာ ငြိမ်းချမ်းစွာ နေထိုင်တဲ့ အရပ်သား တွေကို သတ်ဖြတ်မှုတွေ၊ မြို့ရွာတွေကို အပြင်းအထန် ဗုံးကြဲတာတွေကို EU အဖွဲ့ဝင်နိုင်ငံတွေက လျစ်လျူရှုခဲ့ပါ တယ်လို့ ပူတင်က ပြောခဲ့ပါတယ်” ဟု ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ စစ်ရာဇဝတ်မှုများ အဆုံးသတ်ဖို့ အနောက်အုပ်စုက ကိယက်ဗ်အာဏာပိုင်များကို ဖိအားပေးပြီး ယူကရိန်း ထံသို့ လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းသင့်ကြောင်း ရုရှားက ထောက်ပြခဲ့သည်။

၎င်းအပြင် ပူတင်နှင့် ပြင်သစ်သမ္မတတို့သည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကိုလည်း နှီးနှောတိုင်ပင်ခဲ့ကြသည်။

“ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် ပြင်သစ်က စိုးရိမ်နေကြောင်း” ကရင်မလင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုစိုးရိမ်မှုဖြစ်ပွားရခြင်းမှာလည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့်ဖြစ်ကြောင်း တာ့စ်သတင်းဌာနက ဆက်လက်ရေးသားဖော်ပြသည်။

“ဒီအခြေအနေမှာ အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် အနေအထားပိုဆိုးလာတယ်လို့ ပူတင်က ပြောခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေရဲ့ အရေးပါမှုကို ဦးစားပေး ပြောခဲ့တာဖြစ်ပါတယ်” ဟု ကရင်မလင်က သတင်းထုတ်ပြန်ခဲ့သည်။

မကြာသေးမီက ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် နောက်ထပ်သက်တမ်းအတွက် မက်ခရွန် ရွေးကောက်တင် မြှောက်ခံရခြင်းကိုလည်း ပူတင်က ဝမ်းမြောက်ကြောင်း မုဒိတာစကား ပြောကြားခဲ့သည်။

ယခု တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုမှုသည် ပူတင်နှင့်မက်ခရွန်တို့အကြား မက်ခရွန်၏သမ္မတအဖြစ် ဒုတိယ သက်တမ်း အရွေးခံရပြီးနောက် ပထမဆုံးအကြိမ် ဆက်သွယ်ပြောဆိုမှုဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၉ ရက်တွင် အဆိုပါခေါင်းဆောင်နှစ်ဦးသည် နောက်ဆုံးအကြိမ် တယ်လီဖုန်းခေါ်ဆိုခဲ့ကြသည်။ အလားတူ ဧပြီ ၃၀ ရက်တွင် မက်ခရွန်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးနှင့် တယ်လီဖုန်းခေါ်ဆိုခဲ့သေးသည်။

Source: တာ့စ်သတင်းဌာန