CNI News

၂၀၂၂ ခုနှစ်၊ မေလ ၄

ဒေသအသီးသီးတွင် ပြန့်ကျဲလှုပ်ရှားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကို ပြန်လည် စုစည်းသွားမည်ဖြစ်ကြောင်း ABSDF မှ ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ABSDF သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် တခြားသော တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း လှုပ်ရှားနေကြောင်း ၎င်းက ပြောသည်။

ရဲဘော်ဆန်နီက “ ဒေသအသီးသီးမှာတော့ ကျနော်တို့ တပ်တွေက တစ်နိုင်ငံလုံးမှာ မြောက်ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့ပိုင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ကျနော်တို့ တပ်တွေက ရှိနေတယ်ဗျ။ ဆိုတော့ သူ့ဒေသအခြေအနေနဲ့ သူ့လှုပ်ရှားမှုနဲ့ သူ့တိုက်ပွဲတွေကတော့ ရှိနေနိုင်တယ်လို့ ကျနော်တော့ အဲလိုပဲ မြင်တယ်လေ။ ဆိုတော့ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တပ်တွေက နေရာတိုင်းမှာ ဖြန့်ခွဲတည်ရှိနေတာ ဖြစ်တယ်လေ။ EAO ဒေသတွေမှာ ရှိနေသလို ဒီနေ့ တိုင်းရင်းသား တော်လှန် ရေး အဖွဲ့အစည်းဒေသတွေမှာ ရှိနေသလို ကျနော်တို့ တခြားဒေသတွေမှာလည်း ရှိနေတယ်ဆိုတော့ သူ့ဒေသဆိုင်ရာအလိုက် အလုပ်လုပ် နေကြတာတွေက အများကြီးဗျ။ အဲဒါတွေကိုလည်း ကျနော်တို့က ပြန်ပြီးစုစည်းနိုင်ဖို့ကို ကျနော်တို့လည်း ကြိုး စားနေတုန်း ကာလမှာတော့ ဒီနေ့ဖြစ်နိုင်ပါတယ်၊ အများကြီး အခြေအနေ အတိအကျတော့ ကျနော်တို့က ပြန်စုစည်းနိုင်အောင် ကြိုးစားနေတဲ့ ကာလပဲ ရှိပါသေးတယ်လို့ ” ဟု ပြောသည်။

ပြန့်ကျဲနေသည့် ABSDF တပ်များကို အဆင့်ဆင့် အမိန့်ပေး စီစဉ်ကွပ်ကဲနိုင်ရန်၊ စုဖွဲ့မှုကို စနစ်တကျ ပြန်လည်စုစည်းနိုင်ရန် ကြိုးပမ်းနေကြောင်း ရဲဘော်ဆန်နီက ပြောသည်။

မေလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာမြို့နယ်တွင် ABSDF၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်နှင့် တပ်မတော်အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ABSDF တပ်ဖွဲ့ကိုတွေ့ရစဉ်

ရဲဘော်ဆန်နီက “ ကျောင်းသားတပ်မတော်ရဲ့ တည်ရှိမှုက တစ်နိုင်ငံလုံးမှာ ပြန့်ကျဲတည်ရှိနေတဲ့ အခြေအနေပေါ်မှာ အခြေခံ ပြီးတော့ ကျနော်တို့က အကုန်လုံးကို ပြန်စုစည်းနေရတဲ့ အနေအထားလေ။ ဒေသတစ်ခု၊ တစ်ခုချင်းစီမှာ မတူညီတဲ့ အခြေအနေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်လှုပ်ရှားမှုကလည်း တူညီမှာတော့ မဟုတ်ဘူးလေနော်။ အဲဒီ အခြေအနေပါပဲ၊ ပေါ်လစီအရ တော့ ဒီနေ့ထက်ထိတော့ သွားနေတုန်းပါပဲ၊ သို့ပေမဲ့ နေရာဒေသ အခြေအနေ မတူတဲ့ပေါ်မှာ တုန့်ပြန်လှုပ်ရှားမှုကလည်း တူ မှာတော့ မဟုတ်သေးပါဘူးလို့ အဲဒါလေးပဲ ကျနော်က ပြောချင်သေးတယ်။ ဆိုတော့ ဒီဟာ တစ်စုံလုံးကို chain of command နဲ့ ကျနော်တို့ တုန့်ပြန်လှုပ်ရှားမှုတွေရဲ့ အားလုံး စုစည်းနိုင်မယ့် အခြေအနေကိုလည်း ကျနော်တို့ကတော့ စုဆုံနိုင် ဖို့ကတော့ ကျနော်တို့က ကြိုးပမ်းနေပါတယ် ”ဟု ပြောသည်။

ABSDF ကို ၈၈၈၈ အရေးတော်ပုံကနေတဆင့် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှာ ဖွဲ့စည်း တည်ထောင်ခဲ့သည်။

ABSDF သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် ပြည်နယ်/ ပြည်ထောင်စုအဆင့် ပဏာမ အပစ် အခတ်ရပ်စဲရေးစာချုပ် (Bilateral)ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။