CNI International News

မော်စကို၊ အောက်တိုဘာ ၁၈

ကိယက်ဗ်အစိုးရနှင့် အကျဉ်းသားလဲလှယ်ရေးအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ရုရှားနိုင်ငံသား စုစုပေါင်း ၁၁၀ သည် ယူကရိန်းမှ မော်စကိုသို့ ပြန်လာနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက် တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလွတ်မြောက်လာသူများထဲတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ယူကရိန်းတွင် ဖမ်းဆီးခံထားရသည့် အရပ်ဘက်မှ သင်္ဘောသား ၇၂ ဦးလည်း ပါဝင်ကြောင်း ၎င်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

အပြန်အလှန်အားဖြင့် မော်စကိုသည် ယူကရိန်းဘက်သို့ အမျိုးသမီးစစ်သည် ၁၀၈ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ အကျဉ်းသားလဲလှယ်ရေးတွင် စီစဉ်ထားသည့် အမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ပေးရန် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ၎င်းတို့သည် ရုရှားနိုင်ငံတွင် ဆက်လက်ဖမ်းဆီးရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီး၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

နေရပ်သို့ ပြန်လာကြသော ရုရှားနိုင်ငံသားအားလုံးသည် ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီများအားလုံး ရရှိကြမည်ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

အကျဉ်းသားလဲလှယ်ရေးအစီအစဉ်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် ရုရှား သင်္ဘောသားများကို တွေ့ရစဉ် (ဓါတ်ပုံ-Sputnik)

အဆိုပါအကျဉ်းသားလဲလှယ်ရေးအစီအစဉ်ကို နောက်ထပ်အကြီးစားနှစ်ဘက်ဖလှယ်မှုဟူ၍ ကိယက်ဗ်အစိုးရက လည်း အတည်ပြုခဲ့သည်။ အောက်တိုဘာ ၁၇ ရက်အစောပိုင်းတွင် ဒွန်နက်စ်ပြည်သူ့သမ္မတနိုင်ငံ DPR (ရုရှား အဆိုအရ သီးခြားသမ္မတနိုင်ငံ၊ ယူကရိန်းအဆိုအရ ခွဲထွက်နယ်မြေ)၏ အကြီးအကဲဖြစ်သူ ဒင်းနစ်ပွတ်သျှလင် (Denis Pushilin) က အဆိုပါလဲလှယ်ရေးအစီအစဉ်ကို လူမှုကွန်ရက်မီဒီယာတွင် ကြေညာခဲ့သည်။

DPR နှင့် အိမ်နီးချင်း လူဟန့်စ် (Lugansk) ပြည်သူ့သမ္မတနိုင်ငံ (LPR) အပါအဝင် ရုရှားဒေသအသီးသီးမှ တပ်ဖွဲ့ဝင် ဦးရေ ၃၀ ခန့် ပါဝင်မည်ဟု ရုရှားတူဒေး (အာရ်တီ) သတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်းသို့ မော်စကို၏စစ်ဆင်ရေးစတင်ချိန် ပြီးခဲ့သည့်ဖေဖော်ဝါရီနှောင်းပိုင်း၌ ယူကရိန်းဆိပ်ကမ်းများတွင် ရပ်နားထားသော သင်္ဘောများပေါ် လိုက်ပါလာသည့် ရုရှားအရပ်သားဆယ်ဂဏန်းများကို ကိယက်ဗ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

မာရီယူပေါလ်ဆိပ်ကမ်းမြို့ကို ရုရှား သိမ်းပိုက်ပြီးနောက် ၎င်း၏တပ်ဖွဲ့ဝင်အချို့ လွတ်မြောက်လာခဲ့သော်လည်း အချို့မှာ ယူကရိန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

Source: အာရ်တီသတင်းဌာန