CNI International News

လန်ဒန်၊ အောက်တိုဘာ ၁၈

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်သည် ၎င်းအစိုးရ၏ စီးပွားရေးမဟာဗျူဟာတခုလုံးကို ဖျက်သိမ်းလျက် ပြည်သူများသို့ တောင်းပန်လွှာထုတ်ပြန်ခဲ့ရကြောင်း သည်တိုင်းမ် (The Times) မီဒီယာက ရေးသားဖော်ပြသည်။

ဗြိတိန်နိုင်ငံရှိ အိမ်ထောင်စုများသည် အဆိုပါမဟာဗျူဟာကြောင့် ပြီးခဲ့သည့် ဧပြီလမှစ၍ ပျမ်းမျှစွမ်းအင်ကုန်ကျ စရိတ် ပေါင် ၅,၀၀၀(ငါးထောင်) အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သည်တိုင်းမ်က ဆက်လက်ရေးသား သည်။

ပျမ်းမျှစွမ်းအင်ကုန်ကျစရိတ်ကို ပေါင် ၂,၅၀၀ အထိသာ ကန့်သတ်ထားသော စွမ်းအင်ဆိုင်ရာအာမခံချက်မှာ လာမည့်နှစ်၊ ဧပြီလတွင်မှ ရရှိနိုင်မည်ဟု အဓိပတိသစ်ဖြစ်သော ဂျယ်ရမီဟန့် (Jeremy Hunt) က ပြောကြားခဲ့ သည်။ ထို့နောက် ဗြိတိန်နိုင်ငံတဝန်းရှိ အိမ်ထောင်စုများအတွက် စွမ်းအင်သုံးစွဲမှု ငွေတောင်းခံလွှာများ နှစ်ဆ မတက်စေရေးအတွက် ကိုင်တွယ်ဖြေရှင်းရာတွင် ထိခိုက်အလွယ်ဆုံးအုပ်စုများအတွက် အစိုးရပံ့ပိုးမှုကို ပစ်မှတ်ထားမည်ဟု သိရသည်။

အဓိပတိဟန့်သည် ဈေးကွက်များ အဆင်ပြေချောမွေ့စေရေးအတွက် လစ်ဇ်ထရက်စ်၏ ဆိုးရွားလှသော အသေးစားဘတ်ဂျက်ထဲမှ အခွန်ဖြတ်တောက်မှု ပေါင် ၃၂ ဘီလီယံကို ပြောင်းပြန်လှန်ခဲ့သည်။ အဆိုပါ အခွန် ဖြတ်တောက်မှုတွင် အစိုးရက အကန့်အသတ်မရှိ သိမ်းဆည်းထားမည့် အခြေခံဝင်ငွေခွန် ဖြတ်တောက်မှုလည်း ပါဝင်သည်။

The Guardian သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ဝန်ကြီးချုပ် ထရက်စ်၏ စီးပွားရေးမဟာဗျူဟာနှင့် ပတ်သက်လို့ ဖော်ပြကြစဉ်

သို့ဖြစ်၍ ဗြိတိန်ပြည်တွင်း၌ အခွန်ဝန်ထုပ်ဝန်ပိုးသည် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိရန် ဦးတည်လာခဲ့သည်။

အခွန်ကိစ္စကို ချိန်ခွင်လျှာညှိရန်အတွက် လက်ရှိအစိုးရသည် မျက်ရည်ကျလောက်အောင် ခက်ခဲသော ဆုံးဖြတ် ချက်များ ချမှတ်ရမည်ဟု ပြောကြားရင်း အခွန်တိုးမြင့်လာပြီး အသုံးစရိတ်ကြီးလာခြင်း၏အန္တရာယ်ကို လွှတ်တော် အမတ်များထံသို့ ဟန့်က သတိပေးခဲ့သည်။

ဟန့်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၏ အမြတ်အစွန်းအပေါ် နောက်ထပ်အကျုံးဝင်နိုင်မည့် အခွန်ကို ချိန်ဆနေသည်။ အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှင့်အညီ နိုင်ငံတော်ပင်စင်လစာကို မြှင့်တင်ပေးမည်ဟု ၎င်း၏ကတိကဝတ်ကိုလည်း ချိုးဖောက်နိုင်ဖွယ်ရှိကြောင်း ဟန့်က ထောက်ပြခဲ့သည်။

ဝန်ကြီးချုပ် ထရက်စ်သည် တစ်ရက်အတွင်း ၎င်းအစိုးရကို ထောက်ခံမှုအားကောင်းစေရန် မျှော်လင့်မိသော စီးပွားရေးမဟာဗျူဟာကို စွန့်လွှတ်ခဲ့ရပြီး ၎င်း၏နိုင်ငံရေးရှင်သန်မှုအတွက် တိုက်ပွဲဝင်နေရပြီ ဖြစ်သည်။

နိုင်ငံရေးအရ ဆက်လက်ရပ်တည်ရန် ထရက်စ်က စိတ်ပိုင်းဖြတ်ထားပြီး ကွန်ဆာဗေးတစ်အမတ်များ၏ ထောက်ခံမှုကို မြှင့်တင့်ရေးမှအပ အလားအလာရှိသော အခြားရွေးချယ်စရာမရှိတော့ကြောင်း ထရက်စ်၏ နိုင်ငံရေးမဟာမိတ်များကို ရင်ဖွင့်ခဲ့သည်။

Source: The Times