CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ အကောင်အထည်ဖော်နေသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ ကို ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)က ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန် စွပ်စွဲခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် မြောက်ပိုင်းမဟာမိတ် (ကိုးကန်တပ်ဖွဲ့ MNDAA- ရခိုင်တပ်ဖွဲ့ AA)တို့နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်လျက်ရှိနေသည်။

ထို့နောက် SSPP ဗဟိုခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိ ပေးသည့်အမိန့်အတိုင်း အောက်ခြေတပ်ဖွဲ့ဝင်များ ၏ နှောင့်ယှက်မှု အမျိုးမျိုး ဆက်တိုက်ကျူးလွန်နေသည်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး ထိုလုပ်ရပ်များ ရပ်တန့်ထိန်းသိမ်းရန် တောင်းဆိုပါသည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။

TNLA ရဲ့ SSPP ကို စွပ်စွဲထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

ဇူလိုင် ၅ ရက်နေ့က TNLA ၏ စစ်ဆင်ရေး ကြီးကြပ်သည့်အဖွဲ့မှ ကျောက်မဲမြို့၊ နောင်ပိန်အနီး တောင်ခြေစခန်း ကို လှည့်လည်ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ပစ် ခတ်တိုက်ခိုက်မှုကြောင့် TNLA မှစစ်ဆင်ရေးကြီးကြပ်သည့် ပထမတန်း-စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်း ၄၃၄ တပ်ရင်းမှူး၊ တပ်ရင်း ၅၇၇ တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထို့အပြင် ဇွန်လ ၂၅ ရက်နေ့မှ ပြန်လည်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ တွင် သီပေါနှင့် ကျောက်မဲ မြို့နယ်များရှိ ရန်သူ (စစ်တပ်) စစ်စခန်းများကို မိမိတို့ ဝန်းရံတိုက်ခိုက်ကြစဉ် အချို့နေ့ရာများတွင် စစ်တပ် စခန်းများ မကျရှုံးမီ SSPP တပ်ဖွဲ့များထံ လွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက မြန်မာ့တပ်မတော်မှ တပ်ဖွဲ့ဝင် များကို သယ်ယူပို့ဆောင်ပေးခြင်း၊ လမ်းကြောင်းထွက်ပေါက်ဖွင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု TNLA က စွပ်စွဲ ထားသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ယခုစစ်ဆင်ရေး မစမီကာလ ကတည်းကပင် SSPP ခေါင်းဆောင်များနှင့် ဆက်သွယ် ညှိနှိုင်းခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်းတို့ဖြင့် အတူတကွ ပူးပေါင်းစစ်ဆင်ရန် ကြိုးပမ်းခဲ့သော် လည်း အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ပါဝင်နိုင်ရန် အဆင်သင့် မဖြစ်သေးကြောင်း SSPP ခေါင်း ဆောင်များက တုန့်ပြန်ခဲ့သည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။

SSPP ကတော့ TNLA ၏ စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို နှောင့်ယှက်ခြင်းမရှိ ကြောင်း တုန့်ပြန်ထားသည်။

SSPP ရဲ့ UWSA ထံ ပေးစာကို တွေ့ရစဉ်

TNLA သည် SSPP ထိန်းချုပ်နယ်မြေ နမ့်ခမ်း၊ သီပေါ၊ မူဆယ်၊ ကျောက်မဲ၊ နောင်ချို မြို့နယ်များအတွင်းသို့ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားလာခြင်းကြောင့် နှစ်ဖက် နယ်မြေအငြင်းပွားမှုနှင့် အုပ်ချုပ်မှု အငြင်းပွားလာကာ အပြန်အလှန် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးကာ လက်နက်များဖြုတ်ခြင်း၊ တပ်ပြောင်း ရွှေ့ခြင်းများ ပြုလုပ်လာကြသည်။

အဆိုပါ အခြေအနေများကြောင့် SSPP က TNLA ၏ လုပ်ရပ်များကို ထိန်းကြောင်းပေးရန် “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) စစ်ဦးစီးချုပ် ဦးကျောက်ကျုံးတန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆ ရက်က စာပို့ တောင်းဆိုထားသည်။

TNLA နှင့် SSPP သည် မဟာမိတ်များဖြစ်သလို UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များလည်း ဖြစ်သည်။