CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃

ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်သည့် ပုဂံဒေသတွင် စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်မည်ဆိုသည့် ကြေညာချက်များနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေပြီး ခရီးသွားများအား အမှီပြုနေရသောကြောင့် စစ်ပွဲများ မဖြစ်စေလိုကြောင်း ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးဒေသတွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်မည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်၌ ထုတ်ပြန် ပြောကြားခဲ့သည်။

ခရီးသွားများအား အခြေခံပြီး ဘုရားများအား အမှီပြု၍ လုပ်ကိုင်စားသောက် နေကြရသောကြောင့် ပုဂံဒေသတွင် စစ်ပွဲများ မဖြစ်စေလိုကြောင်း ပုဂံ-ညောင်ဦးဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသ ဘုရားဖူး ခရီးသွားများကို တွေ့ရစဉ်

၎င်းက “အဲလိုမျိုးကြားတော့ အစ်ကိုတို့ဆီကို ခရီးသွားဒေသ မလာလို့ရှိရင် အစ်ကိုတို့ ဒီဒေသရဲ့ စားဝတ်နေရေးက ခရီးသွားတွေကို အခြေခံပြီးတော့ လုပ်ရတာလေ၊ မဖြစ်လည်း မဖြစ်စေချင်ဘူးကွာ အစ်ကိုတို့ ပုဂံဒေသကို၊ ဘာလို့ မဖြစ်သင့်တာလဲဆိုတော့ ဒီဟာတွေက အစ်ကိုတို့ရဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်တယ်ဗျာ၊ ပြီးတော့ အစ်ကိုတို့ ဒီပုဂံ-ညောင်ဦး ဒေသမှာရှိတဲ့ သူတွေက ဒီဘုရားတွေကို အမှီပြုပြီးတော့ စားရသောက်ရတာ၊ အစ်ကိုတို့ဆီမှာ ဘုရားဖူး ဧည့်သည်တွေလာမှ အစ်ကိုတို့ဆီက စျေးရောင်းတဲ့သူတွေ ဘုရားမှာနေတဲ့ ကလေးတွေ ဘာတွေကမှအစ ဝင်ငွေရှိတာဗျာ၊ အခုဆိုရင် ဒီဒေသမှာ စီးပွားရေး အရင်းအမြစ်ဆိုတာက မရှိသလောက် ရှားတယ်ဗျာ၊ အဲကျတော့ အစ်ကိုတို့ဆီကို အဲလိုမျိုးတော့ ဘာပဲဖြစ်နေဖြစ်နေ တိုက်ပွဲတော့ မဖြစ်စေချင်ဘူး။ ဘယ်လိုပြောရမတုန်း ကြောက်စရာကြီးပေါ့ကွာ ညီရာ၊ ဒီရှေးဟောင်းအမွေအနှစ် တစ်ခုခု ထိခိုက်သွားရင်လည်း တစ်ကမ္ဘာလုံး သိတယ်လေ၊ ဒီဟာက ယူနက်စကို ဝင်ထားတဲ့ နေရာဆို‌တော့ ပြီးတော့ အစ်ကိုတို့ မြန်မာတစ်နိုင်ငံ လုံးရဲ့ အထွဋ်အထိပ်ထားတဲ့ နေရာဆိုလည်း မမှားဘူးကွာ၊ အဲကျတော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ပြောပြ နေစရာတောင်မလိုဘူး တွေးကြည့်ရင် ဘယ်လောက်ထိ ရင်လေးစရာကောင်းမလဲ သေချာသာ စဥ်းစားကြည့် တော့ဗျာ” ဟု ပြောသည်။

ပုဂံဒေသတွင် စစ်ဆင်ရေးများ ဖော်ဆောင်ရာ၌ ရှေး‌ဟောင်းဘုရားများနှင့် ယဥ်ကျေးမှု အမွေအနှစ်များအား မထိခိုက်စေရန် လုပ်ဆောင်မည်ဖြစ်သလို စစ်ရေးအရ အဓိကပစ်မှတ်များအား အထူးလေ့ကျင့် ထားသူများနှင့် ဝင်‌ရောက် တိုက်ခိုက်မှာဖြစ်သည်ဟု ညောင်ဦး PDF က ပြောကြားခဲ့သည်။ 

ပုဂံဒေသ စစ်ဆင်ရေးအား မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ ချောက် စသည့် မြို့နယ်များမှ မဟာမိတ်တပ်များနှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ပုဂံ-ညောင်ဦးဒေသကို စစ်ရေးဖော်ဆောင်ပါက စေတီဘုရား ပုထိုးများကို ရှောင်၍ ဖော်ဆောင်ရန်မှာ မဖြစ်နိုင် ကြောင်း၊ တိုက်ပွဲဆောင်ရန် မသင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထောက်ပြသည်။

ပုဂံဒေသ ဘုရားဖူး ခရီးသွားများကို တွေ့ရစဉ်

စစ်ဖြစ်မည်ဆိုပါက ရှေးဟောင်းဘုရား ပုထိုး၊ စေတီများအား ထိခိုက်မှုများ ရှိနိုင်ကြောင်း၊ ပုဂံဒေသရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများအားလုံး ထိခိုက်သွားနိုင်ကြောင်း ပုဂံခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ဦးဇွဲထက်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ဒီဘက်ကတော့ အစ်ကိုရယ် စစ်ဆင်ရေး ခေါ်(ဖော်)မယ်ဆိုရင်တော့ ညီလေးတို့ဘက်ကတော့ ဧည့်သည်နဲ့ လုပ်စားတာဆိုတော့ သိပ်လည်းမကောင်းဘူးလို့ပဲ ပြောရမှာပေါ့ဗျာ၊ ရှေးဟောင်းယဥ်ကျေးမှု နယ်မြေ ဆိုတော့ ဘုရားတွေလည်း ထိခိုက်မယ်၊ ပျက်စီးမယ်(တာ) မျိုးတွေလည်း ရှိနိုင်တယ်ဗျ၊ ညီလေးတို့စိတ်က ခံစား ချက်ကတော့ ဒီဘက်ကတော့ စစ်မဖြစ်တာ အကောင်းဆုံးပဲ၊ ကောင်းတယ်ဆိုတာ ဘာလို့လဲဆိုတော့ ဒီဘက်မှာ လည်း ဘုရား၊ ယဥ်ကျေးမှု နယ်မြေကလည်း ရှိတယ်လေ၊ စစ်ဖြစ်မယ်ဆိုရင်တော့ ထိခိုက်မှုကတော့ရှိမှာပဲ၊ ဘုရား တွေ တော်ရုံတန်ရုံကတော့ လက်နက်ကြီးလည်း ထိနိုင်သလို၊ လက်နက်ငယ်လည်း ထိနိုင်တယ်ဗျ၊ ခရီးသွား ဝန်ဆောင်မှု အကုန်လုံးကတော့ ထိခိုက်သွားနိုင်တယ်၊ ဘာလို့လဲဆိုတော့ ဒီဘက်က ဧည့်သည်နဲ့ လုပ်စားရတာ လေ အစ်ကိုရဲ့ ယွန်းဆိုလည်းယွန်းအရ၊ ဟိုတယ်ဆိုလည်း ဟိုတယ်အရ၊ E-Bike ငှားတဲ့လူမျိုး ဝန်ဆောင်မှုတွေက အကုန်လုံးက ရပ်တန့်သွားနိုင်တယ်၊ ဒီဘက်က အနေအထားအရဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ၊ ပုဂံပြည်မှာ ဖြစ်လာမယ်ဆို ရင်လည်း မကောင်းဘူးပေါ့ အရင်ခေတ်ကတည်းက အကုန်လုံးက ရှောင်ကြတာဆိုတော့လေ” ဟု ပြောသည်။

ပုဂံဒေသတွင် စစ်ဖြစ်ပြီဆိုကတည်းက ရှေးဟောင်းဘုရား ပုထိုး၊ စေတီများ ကြေသွားနိုင်ပြီး အစားထိုးမရနိုင်သော ဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်း၊ နှစ်ဖက် အဖွဲ့အစည်းများ အနေဖြင့် ဆုံးရှုံးမှုများသော စစ်ပွဲများ မဖန်တီးဘဲ ငြိမ်းချမ်းရေးရရှိအောင် အဖြေတစ်ခုရှာသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြကြသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ လူဦးရေ၏ ၄၃ ရာခိုင်နှုန်းသည် ပဋိပက္ခနှင့် ကြုံတွေ့နေရပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သူ သန်း ၂၀ နီးပါးရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့သည်။