CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၅

ရခိုင်သို့ ဖြတ်သန်းဝင်ရောက်သည့် အားအလွန်ကောင်းသော ဆိုင်ကလုန်မုန်တိုင်း မိုခါအရှိန်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်းဘုရားများအတွင်းသို့ ရေဝင်ရောက်မှုများသည် ပုံမှန် မိုးရာသီကာလ ရေဝင်ရောက်မှုထက် နှစ်ဆခန့် များပြားကြောင်း ပရဟိတလုပ်ဆောင်နေသည့် ပုဂံဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

မိုခါမုန်တိုင်းကြောင့် ပုဂံရှေးဟောင်းဘုရားများသို့ ရေဝင်ရောက်ရာတွင် ပုံမှန်မိုးရာသီ၌ ရေဝင်ရောက်လေ့ မရှိ သည့် ရှေးဟောင်းဘုရားများလည်းပါဝင်ကြောင်း၊ လက်ရှိတွင် ပရဟိတအသင်းအဖွဲ့များမှ ရေစုပ်ထုတ်ရန် လုပ်ဆောင်နေကြောင်း ပရဟိတလုပ်ဆောင်နေသည့် ပုဂံဒေသခံ ကိုလူလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရေဝင်ရောက်မှုကတော့ များတယ်။ ခါတိုင်းနှစ်ထက်ကို နှစ်ဆလောက် ပိုများတာ။ ဒါကတော့ သူကတော့ မုန်တိုင်း ဖြစ်ပေါ်သွားတာဆိုတော့။ ခါတိုင်း မိုးတွင်း ပုံမှန်ရွာနေကျထက်တော့ နှစ်ဆလောက် ပိုတာပေါ့။ ပျက်ဆီး ဆုံးရှုံးမှုတွေကတော့ လောလောဆယ် ဘုရားတွေ ရေမြုပ်တယ်ပေါ့။ အရင်ခါတိုင်း မြုပ်နေကျမဟုတ်တဲ့ ဘုရား တွေပါ ထပ်ပြီးတော့ မြုပ်တာမျိုးတွေ ရှိတယ်။ နောက်တစ်ခုက အုတ်တံတိုင်း ပြိုတာလေးတွေ ရှိတယ်။ ပုဂံရဲ့ ချောက်သွား ကားလမ်းဘေးက ရွာတစ်ရွာမှာတော့ ဘုရားတစ်ဆူလုံးပြိုတယ်။ သူကတော့ အသစ်လို့ ပြောတယ်။ အိမ်တွေပျက်စီး မှုတော့ မရှိပါဘူး။ အနည်းအကျဉ်းတော့ ရှိတာပေါ့။ လုံးလုံးကြီး မျောပါသွားတာ မျိုးတို့ ပစ်ကျ သွားတာမျိုးတော့ မရှိပါဘူး။ မျောပါသွားတာမျိုးကျ ပုဂံမြို့သစ်မှာ ချောင်းတစ်ခု ရှိတယ်လေ။ အဲဒီချောင်းနားက ချောင်းနေအိမ်တွေကတော့ ထိခိုက် ပျက်စီးတာလေးတွေ ရှိတာပေါ့။ ခါတိုင်း ရေမြုပ်နေကျ ဘုရားတွေဆိုတာက တော့ စူဠာမဏိတို့ ဘာတို့ပေါ့ အထူးသဖြင့်။ အခု စူဠာမဏိ ဘုရားမှာ ရေစုပ်ဖို့အတွက် ကျနော်တို့ လုပ်နေကြပါ ပြီ။ ရေရှည်ကတော့ ဘယ်ကောင်းမလဲ။ မြေက ပျော့တဲ့ကြားထဲကမှ သဲဆန်တဲ့မြေ ပျော့တဲ့ကြားထဲကမှ ရေထပ် ပြီးတော့ ဝင်သွားတယ်ဆိုတော့ ဒါက အဆင်တော့ မပြေဘူးပေါ့”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က မုန်တိုင်းကြောင့် ပုဂံဒေသ ဓမ္မရံကြီးဘုရားအနီး ရေဝင်ရောက်မှုကိုတွေ့ရစဉ်

ပုဂံဒေသည် ရှေးဟောင်းဘုရားများစွာ ရှိသည့်အပြင် ယူနက်စကို ဝင်ထားသော ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်လည်း ဖြစ်သည်။

မိုးရာသီရောက်ပါက ရှေးဟောင်းဘုရားများသို့ ရေဝင်ရောက်မှုများကြောင်း၊ ရေရှည်တွင် ပျက်စီးဆုံးရှုံးမှုများ ယခုထက်ပိုမို ရင်ဆိုင်ရနိုင်ကြောင်း ပရဟိတလုပ်ဆောင်နေသည့် ပုဂံဒေသခံများက သုံးသပ်သည်။

ယခုကဲ့သို့ မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် အုတ်များ၊ နံရံဆေးရေးပန်ချီးများ၊ ဘုရား စေတီ ပုထိုးများသည် တန်ဖိုးဖြတ်၍ မရနိုင်သည့်အပြင် ထိုလက်ရာများ၊ အုတ် အရည်အသွေးများမှာလည်း ပြန်မရနိုင်သည့်အတွက် မိုးရာသီ မရောက်ခင် ကာလနှင့် သဘာဝဘေး အန္တရယ်များ မဝင်ရောက်ခင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် ထားသင့်ကြောင်း ကြီးမြတ်သောပုဂံသန့်ရှင်းရေး ကုသိုလ်ပြုအဖွဲ့ တာဝန်ခံ ကိုမျိုးဆက်စံက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းရာတွင် ငွေကြေးကုန်ကျမှု အရေးကြီးသောကြောင့် ကြိုတင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် ပုဂံဖြင့် အကျိုးစီးပွား ဖြစ်ထွန်းနေသည့် လုပ်ငန်းရှင်ကြီးများ အနေ ဖြင့်လည်း ပူးပေါင်း ပါဝင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က မုန်တိုင်းကြောင့် ပုဂံဒေသ ရေဝင်ရောက်မှုကိုတွေ့ရစဉ်

ကိုမျိုးဆက်စံက “ထုံးလေးနဲ့ သဲလေးနဲ့ ဖျော်ပြီးတော့ မဆလာလေး ကပ်ပြီးတော့ ဖာလို့မရဘူး။ အဲဒီလောက်နဲ့ ဒီလို သဘာဝ အန္တရာယ်ကို ရင်မဆိုင် နိုင်ဘူး။ အခုဘာလို့ တောင့်ခံနိုင်တာလဲဆိုရင် ပုဂံခေတ်က ဆက်ဟပ်ထား တဲ့ နည်းပညာတွေကြောင့် တောင့်ခံနိုင်တာ ဖြစ်တယ်။ ယနေ့ခေတ်က ဆက်ဟပ်ထားတာတွေက မိုးရေထဲကို ပါသွားပြီ။ ကမ္ဘာမှာ ဒီလို အလှမျိုး ဘယ်နိုင်ငံမှာမှ မရှိဘူး။ သူတို့ဘတ်ဂျက် မကျဘူး မကျဘူးနဲ့ အမြဲတမ်း ပြော တယ်။ ဘတ်ဂျက်မကျရင် ကျအောင် လုပ်ရမယ်။ ဒါက အခုဆိုရင် မနေ့ကကိစ္စမှာ မိုးယိုတာကိုကြည့် ချက်ချင်း ဖာရတော့မှာ။ ချက်ချင်းဖာရမယ့်ကိစ္စကို ဘတ်ဂျက်မကျသေးလို့ စောင့်နေတာဆိုတော့ တကယ်လို့များ နောက် ထပ် တစ်မိုး မလာဘူးလို့ မပြောနိုင်ဘူး။ ထပ်လာရင် ခုနက ယိုနေပါတယ်လည်း သိရဲ့သားနဲ့ ရေစိမ့်နေတာမှန်း သိရဲ့ သားနဲ့ အလျင်စလို အရေးတကြီး မလုပ်နိုင်ခဲ့ရင် မဆုံးရှုံးသင့်တာတွေ ဆုံးရှုံးသွားနိုင်တယ်လို့ သုံးသပ်ချင်ပါ တယ်။ ပုဂံကို အားလုံးမှီခိုနေကြတယ်။ နိုင်ငံတော်အတွက် ဝင်ငွေတွေ ရတယ်၊ နိုင်ငံသူ နိုင်ငံသားတွေ ပုဂံရှိလို့ အလုပ်လုပ်စားတယ်။ လုပ်ငန်းရှင်ကြီးတွေ ဟိုတယ်ပိုင်ရှင်ကြီးတွေ၊ ဇိမ်ခံသင်္ဘောကြီးတွေ အစရှိသဖြင့် ပုဂံကို မှီပြီးတော့ စီးပွားတွေ ဖြစ်ကြတယ်။ အခု ပုဂံက ကျန်းမာရေးချို့တဲ့ နေတဲ့အချိန်မှာ ဆေးကုပေးဖို့ စိတ်ဆန္ဒမရှိ ဘူးလား သူတို့တွေက။ ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ သူတို့မှာ စေတနာမရှိဘူးလား။ ပုဂံနဲ့ အကျိုးစီးပွားတွေ ဖြစ်ထွန်း နေတာ အများကြီးပဲ လုပ်ငန်းရှင်ကြီးတွေ။ အခုပုဂံထိခိုက်နေပြီ ယူနက်စကို ဝင်လာပြီလား။ မိုးရေတွေ ယိုနေပြီ ယူနက်စကိုက ဘယ်မှာလဲ ငွေကြေး၊ ဘယ်မှာလဲ နည်းပညာ ကျနော် မတွေ့ရဘူး” ဟု ပြောသည်။

မုန်တိုင်းအရှိန်ဖြင့် မိုးရွာသွန်းခဲ့မှုကြောင့် ပုဂံဒေသရှိ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ပုဂံဒေသရှိ ညောင်ဦးမြို့တွင် မေလ ၁၃ ရက်နေ့ တစ်ရက်တည်း မိုးရွာသွန်းမှုသည် မိုးရေချိန် ၁၆၁ မီလီမီတာဖြင့် နှစ်ပေါင်း ၅၈ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်းလည်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။