CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်အား ဖော်ဆောင်ရန် ဆောင်ရွက်နေခြင်း ကြောင့် တောင်သူများအတွက် အမှန်တကယ် အကာအကွယ် ဖြစ်စေနိုင်သည့် အာမခံစနစ်ဖြစ်နိုင်/မဖြစ်နိုင်ကို သေချာ ဆောင်ရွက်ပေးစေလိုကြောင်း တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ သီးနှံအာမခံစနစ်သည် မိုးရေချိန်ကို အခြေခံသည့် အာမခံစနစ် ရာသီဥတု ညွှန်းကိန်းကို အခြေပြုသော Weather Index Insurance ဖြစ်သဖြင့် အကာအကွယ် မဖြစ်နိုင်ကြောင်း တောင်သူများက ထောက်ပြကြသည်။

ရာသီဥတု ပြောင်းလဲမှုများကြောင့် ဆုံးရှုံးမှုများအပေါ်  အာမခံစနစ်ဖြင့် စနစ်တကျ စီမံခန့်ခွဲ ကာကွယ်ဆောင်ရွက် နိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ပြီး အစိုးရ-ပုဂ္ဂလိက ပူး ပေါင်းပါဝင်သော Task Force အဖွဲ့  ဖွဲ့စည်း၍ သီးနှံအာမခံစနစ် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် နှစ်စဉ် မိုးရေချိန် လက်မသည် ကွာဟချက် သိပ်မရှိသည့်အတွက် လက်ရှိ ဖော်ဆောင်မည့် သီးနှံ အာမခံစနစ်၌ တစ်နှစ်တာ မိုးရေချိန် လက်မအပေါ် အခြေခံမည်ဆိုပါက တောင်သူများအတွက် အဆင်ပြေမည် မဟုတ်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

“ဥပမာ ဒီနှစ်မိုး ဆိုပါတော့ သူက ၈၀ ကို ပျမ်းမျှ မိုးလေးလမှာ တစ်လကို ၂၀ ဆီ ရွာသွားရင်တော့ ကိစ္စမရှိဘူး။ ဒါပေမယ့် မိုးရေချိန်က ဇူလိုင်လမှာ မိုးရေချိန် လက်မ ၄၀ ရွာလိုက်မယ်။ ကျန်တဲ့လတွေမှာ ၁၀ ဆီပဲ ရွာမယ်ဆိုရင် အဲဒီတစ်ခါတည်းရွာတဲ့ရက်မှာ မိုးရေချိန်လက်မကတော့ နှစ်ပတ်လည်မှာ ၉၀ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တစ်လ ထဲမှာ မိုးရေကပြုံပြီးတော့ မိုးရေချိန် လက်မအများကြီး ရွာချလိုက်ရင် အဲဒါရေမြုပ်ပျက်စီးသွားမှာပဲ။ အဲဒီလို ဖြစ်တဲ့အတွက် မိုးရေချိန်နဲ့တိုင်းတာရင် တစ်နှစ်ပတ်လည်ရွာတဲ့ မိုးရေချိန်က တစ်နှစ်နဲ့တစ်နှစ် မိုးရေချိန် ဆိုးဆိုး ရွားရွားကွာခြားချက်ဆိုတာတော့ မရှိသလောက်ပဲလို့ သူကွာရင် ၁၀ ပဲ။ နည်းနည်းပိုရင်ပိုမယ်၊ လျော့ရင် လျော့ မယ်။ ဒါပေမယ့် ရွာတဲ့မိုးရေချိန်က ရက်တိုတိုအတွင်းမှာ မိုးရေချိန်လက်မ အများကြီး ရွာလိုက်ပြီးတော့ ကျန်တဲ့ အချိန်တွေမှာ မိုးပါးနေမယ်ဆိုရင် တစ်နှစ်ပတ်လည် မိုးရေချိန်လက်မကတော့တူတယ်။ ဒါပေမယ့် နစ်မြုပ် ပျက်ဆီးမှု၊ စိုက်ပျိုးထားတဲ့ သီးနှံပျက်စီးမှုကြတော့ ပျက်စီးတာခြင်း မတူညီနိုင်ဘူး။ စပါးကတော့ပျက်တယ်၊ နှစ်ပတ်လည် မိုးရေချိန်နဲ့တူတယ်၊ ဒါပေမယ့် တစ်လတည်းမှာ မိုးက လက်မအများကြီး ရွာလိုက်တဲ့အတွက် အဲဒီ အချိန်မှာ ရေကအယ်ပြီးတော့ မြုပ်သွားမယ်ဆိုရင် ပျက်စီးမှာပဲ။ အဲဒီမိုးရေချိန်နဲ့ တိုင်းတာပြီး သတ်မှတ်မယ် ဆိုရင်တော့ ဒီအာမခံလုပ်ငန်းက ပြဿနာရှိမှာပဲ။ အငြင်းအခုံ ဖြစ်ဖွယ်ရာရှိတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ အာမခံစနစ်ဖြင့် လုပ်ဆောင်ရာတွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် လယ်များရှိပါက တစ်ဧကလျှင် ရာခိုင်နှုန်းမည်မျှ ပျက်စီးမှ အာမခံရရှိမည်ဆိုသည်အချက်တို့ ပါသင့်ကြောင်းနှင့် တစ်ဧကလျှင် တစ်ဝက်ခန့် ပျက်စီးမှသာ အာမခံရမည်ဆိုပါက မဖြစ်သင့်ကြောင်းလည်း တောင်သူများက ထောက်ပြကြသည်။

သီးနှံအာမခံစနစ်ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာများမှ အစည်းအဝေးပြုလုပ်ဆွေးနွေးနေစဉ်

မြန်မာနိုင်ငံ၌ ဒေသအပေါ်မူတည်ကာ မိုးရေချိန်နှင့် မိုးရွာသွန်းမှု ကွာခြားချက်များ၊ နှစ်ရှည်သီးနှံ၊ ရာသီအလိုက် သီးနှံကွာခြားချက်များရှိသဖြင့် ၎င်းအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပြီး နေရာဒေသအလိုက် အာမခံစနစ်ကို ပြေင်းလဲသတ်မှတ်သင့်ကြောင်း အကြံပြုကြသည်။

မြန်မာနိုင်ငံသည် အာမခံစနစ်ဖြင့် ပတ်သက်၍ ဗဟုသုတအားနည်းသောကြောင့် တောင်သူများအား အသိပညာ ပေး လုပ်ငန်းစဉ်များ ပြုလုပ်ရန် လိုအပ်ကြောင်း စိုက်ပျိုးရေးနှင့်စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင် က CNI သတင်းဌာနသို့ ပြောသည်။ 

“ဒေသအပေါ်လိုက်ပြီးတော့မှ သီးနှံကမတူတဲ့အတွက်ကြောင့်မို့လို့ သူတို့က ဒီအပေါ်မှာ တစ်သမတ်တည်း လုပ်ဖို့ အဆင်မပြေဘူးဆိုတာ ကြားရတယ်။ အခု ဒီစနစ်ကကြတော့ တကယ်တမ်းတော့ အာမခံကုမ္ပဏီတွေအတွက် စွန့်စားမှုနည်းတယ်လို့ ပြောထားတာရှိတယ် တချို့နိုင်ငံတွေမှာ။ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလား ဆိုတော့ မိုးရေချိန်ကို ပုံမှန်တိုင်းပေးနေတဲ့ ထုတ်ပြန်ပေးနေတဲ့ဌာနတွေရှိရင်တော့ အဆင်ပြေနိုင်တယ်။ ဒါပေမယ့် တစ်ခုရှိတာက မြန်မာပြည်မှာရှိတဲ့တောင်သူတွေက သီးနှံအာမခံစနစ်အပေါ်မှာ‌တောင်မှ သူတို့တွေက လက်လှမ်း မမိသေးဘူးပေါ့။ ဒီအတွက် တောင်သူစိတ်ဝင်စားအောင် အရင်ဆုံး အများကြီး ကမ်ပိန်းတွေ၊ awareness တွေ လုပ်ပြီးတော့မှပဲ ဒီစနစ်ကြီးကို အကောင်အထည်ဖော်မယ်ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ တခြားနိုင်ငံမှာပြောတာပေါ့ သမားရိုးကျသီးနှံတွေထက် ဒီစနစ်ကို တောင်သူရော Insurance ကုမ္ပဏီတွေကရော ကြိုက်ကြတယ်ပြောတယ်။ အဓိကက သူက ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံ ဆုံးရှုံးမှုကို အခြေတည်ပြီးပေးတဲ့ သမားရိုးကျ Insurance မဟုတ်ဘဲနဲ့ ဒီလိုမျိုး တောင်သူက  မိုးရေချိန်အပေါ် မူတည်ပြီး သူ့ရဲ့သီးနှံ ရှင်သန်မှု၊ ကြီးထွားမှုကို တောင်သူက ရွေးချယ်ခွင့်ရှိတယ်ပေါ့။ သူ့အတွက်လည်း မက်လုံးပိုရှိတာပေါ့” ဟု ၎င်းက ပြောသည်။ယခုလုပ်ဆောင်မည့် သီးနှံအာမခံစနစ်သည် စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်သည့် အခြားနိုင်ငံများ၌ တွင် ကျယ်စွာ ဆောင်ရွက်နေပြီးဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံတွင် စတင်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်း သီးနှံအာမခံစနစ်ကို ယခုနှစ်ဆောင်းသီးနှံရာသီတွင် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သည့် (Farmer Participatory Approach) ကို အခြေခံဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနေကြောင်းလည်း သိရသည်။