CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၂
လက်ရှိ မြန်မာ့နိုင်ငံရေး လောကထဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဝင်လာနိုင်ရေး လုပ်ဆောင်နေကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါက ၎င်းတို့အတွက် အခက်အခဲ ရှိနိုင်သည်ဆိုသည့် စဉ်းစားချက်မျိုး ရှိနေသမျှ အပြီးသတ် လွှတ်ပေးမှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။
ဦးဖေသန်းက “ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ် နိုင်ငံရေးက ပယ်ထုတ်ထားချင်တဲ့ အခြေအနေမျိုးကို သူတို့ လုပ်နေတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလွန်ကာလကို သူတို့ စောင့်နေတယ်၊ အဲဒါကြောင့် သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို အချိန်အကန့်အသတ် တစ်ခုအထိတော့ သူတို့မှာ ဆွဲဦးမှာပဲ၊ ဘယ်လိုမှ လွတ်ပေးစရာ အကြောင်းမရှိဘူး။ ဆိုပါတော့ ပုဒ်မ ၁၀ ခုနဲ့ စွဲထားရင် နှစ်ခုလောက် လွှတ်ချင်လွှတ်မှာပေါ့၊ နှစ်ပေါင်း ၃၊ ၄ ဆယ် ကျထားတဲ့ ပုဂ္ဂိုလ်က နှစ်ပေါင်း ၁၀ နှစ် လျှော့လိုက်ရင်လည်း လျှော့လိုက်လို့ရတာပေ့ါ၊ သူတို့က သဘောထား ကြီးတယ်ဆိုတဲ့ဟာမျိုးက ပြသလို့ ရမှာပေါ့၊ ဒါပေမဲ့ လုံးဝကွင်းလုံးကျွတ် အမှုအားလုံးကို လွှတ်လိုက်မယ် ဆိုတာ မျိုးကို မစဉ်းစားနဲ့ သူတို့ အထက်အောက် အဖွဲ့အစည်းတွေကလည်းပဲ စစ်ခေါင်းဆောင်ရဲ့ ညွန်ကြားမှုအရ လုပ်နေ တာပဲ ဒါက ဘယ်လောက်ချလိုက်ပါ၊ ဘယ်လိုလုပ်ပါ စစ်အုပ်ချုပ်ရေးမှာ အဲဒါတွေ လုပ်နေကျ၊ အထက် ခေါင်းဆောင်တွေရဲ့ သဘောထားမပါပဲ တရားရုံးတွေက အလုပ်မလုပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး ရင် သူတို့အတွက် အခက်အခဲ ရှိနိုင်တယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သုံးသပ်ချက် ရှိနေသမျှတော့ ဘယ်တရား ရုံးကမှ အပြီးသတ်လွှတ်မှာ မဟုတ်ဘူး။ ခြုံပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လောကထဲမှာ ပြန် ဝင်လာမှာကို ကြောက်တယ်၊ ဒါကြောင့် သူတို့က ခွင့်ပြုမှာ မဟုတ်ဘူး။ သဘောလောက်ပဲ လုပ်တယ်လို့ ကျနော် သုံးသပ်ချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားသည့် အမှုတချို့ အယူခံတက်ထားခြင်းကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်က လက်ခံခဲ့ကြောင်း သိရသည်။
လက်ရှိ အာဏာပိုင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးထဲ မပါအောင် လုပ်နေသည်မှာ ဖြစ်နိုင် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအောင်မျိုးက “နိုင်ငံရေးထဲကို မပါဘူး လုပ်နေတယ်ဆိုတာကတော့ ဒါကတော့ ပြောရလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေးမှာ သူလုပ်ပေးခဲ့တာ ဘာမှ ပြောရလို့ရှိရင်တော့ Good Research က ရှိမှ မရှိတာကို နောက်ဆုံးကြတော့ အမုန်းတရားတွေကြီးပဲ ပါတဲ့အတွက်ကြောင့်မို့လို့ သူ့ကို နိုင်ငံရေးမှာ ပြန်ပြီးမှ ရှင်သန်စေမယ်ဆိုရင် သူက လက်စားချေတဲ့ မူဝါဒကိုပဲ သွားနေတာလေ၊ သူလက်စားချေခွင့်ရရင် လက်စားချေမှာ ပဲလေ၊ ဒါက ကျနော်တို့က သူအုပ်ချုပ်ခဲ့တဲ့ ကာလအတောအတွင်းမှာ စစ်တပ်က လူတွေ၊ လူဟောင်းတွေ၊ စစ်တပ် ကနေပြီးတော့ အရပ်ဖက် ရောက်နေတဲ့ လူတွေကို သူအမျိုးမျိုး ဒုက္ခပေးဖို့ ကြံစည်တာပေါ့ဗျာ၊ အထူးသဖြင့် တိုင် စာတောစာတွေနဲ့ ပတ်သက်ပြီးတော့ လုပ်လို့ရတာတွေလည်း ရှိသလို လုပ်လို့မရတာလည်း ရှိတယ် ဒါက ကျနော် ကိုယ်တိုင် ကိုယ့်တွေ့မို့လေ၊ အဲဒီတော့ သူလုပ်ဖို့ ကြိုးစားမှာပဲ၊ ဒါကြောင့်မို့လို့ သူ့ကို လက်ရှိ အစိုးရကနေ ပြီးတော့ နိုင်ငံရေးထဲကနေပြီးတော့ မပါအောင်ဆိုတဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြစဉ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အပြောင်းအလဲကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် ပါတီဝင် အချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။