CNI International News
မော်စကို၊ ဧပြီ - ၂၂
ရုရှားစစ်လေယာဉ်တစ်စင်းမှ ဗုံတစ်လုံး မတော်တဆ ပြုတ်ကျလာမှုကြောင့် ယူကရိန်းနှင့်နယ်စပ်အနီးရှိ ရုရှားပိုင် မြို့တစ်ခုတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများလည်း ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့သည်ဟု ရုရှားစစ်တပ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ မြို့သည် အရှေ့ဘက် ရုရှား-ယူကရိန်း နယ်စပ်နှင့် ကီလိုမီတာ ၄၀ တွင်ရှိသည်။
ဒေသခံ ၃၄၀,၀၀၀ ကျော် နေထိုင်သော ဘဲလ်ဂိုရော့ဒ် (Belgorod) မြို့သည် ရုရှား၏ ယူကရိန်းအပေါ် စစ်ဆင်ရေး စတင်ပြီးချိန်မှစ၍ ဒရုန်းတိုက်ခိုက်မှုများနှင့် ပုံမှန်ကြုံတွေ့ခဲ့ရသည်။
ထိုတိုက်ခိုက်မှုများအတွက် ရုရှားဘက်က ယူကရိန်း စစ်တပ်ကို အပြစ်တင်ခဲ့သည်။
ကြာသပတေးနေ့ နှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့သော် ပေါက်ကွဲမှုသည် ဘဲလ်ဂိုရော့ဒ် ဒေသခံများ ကြုံတွေ့ ဖူးသည်ထက် များစွာပို၍ အင်အားပြင်းသည်။
အသံကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အနီးအနားရှိ အဆောက်အဦများ ယမ်းခါသွားခဲ့ပြီး ပြတင်းပေါက်များလည်း ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ရုရှား ဗုံးမှားကြဲမိတဲ့ ဘဲလ်ဂိုရော့ဒ်မြို့ကိုတွေ့ရစဉ်
ပေါက်ကွဲမှုကြောင့် သစ်ပင်များ တန်းစီးစိုက်ပျိုးထားသည့် ရိပ်သာလမ်း တစ်ခုအလယ်တွင် မီတာ ၂၀ ခန့် ချိုင့်ကြီးတစ်ခု ဖြစ်ပွားခဲ့ရပြီး ကားတစ်ချို့ ပျက်စီးခဲ့ရကာ ယာဉ်တစ်စီးသည် စတိုးဆိုင်တစ်ခု၏ အမိုးပေါ် ရောက်ရှိသွားခဲ့သည်။
လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သွေးတိုးမှုကြောင့် တခြားတစ်ဦးကို ဆေးရုံတင်ထားရသည်ဟု အာဏာပိုင်များက ပြောသည်။
ထိုပေါက်ကွဲမှု ဖြစ်ပွားပြီးသည်နှင့် တစ်ပြိုင်နက် ရုရှား၏ ရုပ်သံ အစီအရင်ခံသူများနှင့် စစ်ရေး ဘလော့ဂါများက တိုက်ခိုက်မှုအတွက် ယူကရိန်းဘက်က သုံးခဲ့သည့် လက်နက်များနှင့် ပတ်သက်သော သီအိုရီများကို အပြိုင်အဆိုင် ထုတ်ဖော်ရေးသားခဲ့ကာ ပြင်းထန်စွာ တုံ့ပြန်မှု ပြုလုပ်သွားရန်လည်း တောင်းဆိုခဲ့သည်။
သို့သော် တစ်နာရီခန့် အကြာတွင်မှ ရုရှားကာကွယ်ရေးဌာနက ထိုပေါက်ကွဲမှုသည် ၎င်းတို့ပိုင် Su-34 ဗုံးကြဲ လေယာဉ် တစ်စီးမှ မတော်တဆ လွတ်ကျခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန် အသိပေးခဲ့သည်။
ထို့နောက် အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ထိုဗုံးသည် အင်အားပြင်း ကီလိုဂရမ် ၅၀၀ ဗုံး ဖြစ်နိုင်သည်ဟု စစ်ရေးကျွမ်းကျင်သူများက ပြောသည်။
Source: AP