CNI International Article

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၁

စက်တင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည့် မှတ်တမ်းဗွီဒီယိုထဲတွင် ထိုင်ဝမ်ကို ကမ်းတက်တိုက်ပွဲဖြင့် တိုက်ခိုက်မှုပုံစံကို အရိပ်အမြွက်ဖော်ပြခဲ့သည်။

အလားတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း ထိုသေနင်္ဂဗျူဟာဖြင့် စစ်ရေးလေ့ကျင့်မှု များကို အရှိန်မြှင့်တင်လျက်ရှိသည်။

Quenching အမည်ရှိ အခန်းဆက် မှတ်တမ်းဗွီဒီယို၏ နောက်ဆုံး ဇာတ်ကွက်တစ်ခုကို စက်တင်ဘာ ၁၆ ရက်က ပြသခဲ့ရာတွင် PLA ၏ ကြည်းတပ်၊ ရေတပ်နှင့် ဒုံးကျည်တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှု မှတ်တမ်းများ ပါဝင်ခဲ့ သည်။

ထိုပြကွက်များတွင် မြေပြင်တပ်ဖွဲ့၏ လေကြောင်းတပ်ဖွဲ့က ရဟတ်ယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေး စစ်သင်္ဘောအုပ်စုက အီလက်ထရောနစ် စစ်ဆင်ရေးများနှင့် တာဝေးပစ်ဒုံးကျည်များ ပစ်လွှတ်သည့် စစ်ရေးလေ့ကျင့်မှုများ ပါဝင်ခဲ့သည်။

မိနစ် ၂၀ ကြာမြင့်ခဲ့သည့် ထိုရုပ်သံမှတ်တမ်း အစီအစဉ်ကို ထိုင်ဝမ်နှင့် ပြည်မကြီး ပြန်လည်ပေါင်းစည်းလိုသော ဆန္ဒဖြင့် မျှော်လင့်တောင့်တနေသည့် စစ်သားတစ်ဦး၏ ပြကွက်ဖြင့် စတင်ဖွင့်လှစ်ပြသခဲ့သည်။

ထို့ပြင် ထိုင်ဝမ်ကို ကမ်းတက်တပ်သားများ စေလွှတ်ရာတွင် ရဟတ်ယာဉ်များကို အသုံးပြုရန်နှင့် ထိုရဟတ်ယာဉ် များကို ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးဒရုန်းများက အကူအညီပေးမည့် အသေးစိတ် အချက်အလက်များကို ဖော်ပြခဲ့သည်။

 ဒုံးကျည် ပစ်နေစဉ်

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်အဖြစ် သတ်မှတ်ထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူသွား မည်ဟု မကြာခဏ ပြောကြားခဲ့သည်။

ထိုမှတ်တမ်း ဗွီဒီယိုအတွင်း PLA သည် အမြင့်ပျံသန်းနိုင်သည့် ထောက်လှမ်းရေးဒရုန်းများ အသုံးပြုပြီး ရဟတ်ယာဉ်များကလည်း ပင်လယ်ရေမျက်နှာပြင်နှင့် နီးကပ်စွာပျံသန်းကာ ကမ်းရိုးတန်းဒေသရှိ ပစ်မှတ်များကို တိုက်ခိုက်မည့်ပုံစံများကို ပြသခဲ့သည်။

ထို့ပြင် တရုတ်ရဟတ်ယာဉ်များနှင့် ကမ်းတက်တပ်သားများသည် ပုခုံးထမ်းတင်ပြီး ပစ်လွှတ်နိုင်သည့် လေကြောင်း ကာကွယ်ရေးဒုံးကျည်များ ကိုင်ဆောင်ထားသော ရန်သူတပ်ဖွဲ့များ၏ ခုခံမှုများနှင့် ရင်ဆိုင် ရပုံများကိုလည်း ဖော်ပြခဲ့သည်။

"ပုခုံးပေါ်ထမ်းပြီး သယ်ယူနိုင်တဲ့ လေကြောင်းကာကွယ်ရေး လက်နက်တွေဟာ စစ်မြေပြင်တွေမှာ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ပြီး ရဟတ်ယာဉ်တွေဟာလည်း အဲဒီဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တိုက်ပွဲ တကယ်ဖြစ်လာရင် ဒီပြဿနာဖြေရှင်းပြီး အနိုင်ယူဖို့ ကျနော်တို့ နည်းလမ်းသစ်တွေ ရှာဖွေရပါမယ်" ဟု PLA အရာရှိတစ်ဦးက ကြည့်ရှုသူများကို ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် အမေရိကန်ထံမှ FIM-92 Stinger MANPADS ဒုံးကျည် အစင်း ၂၅၀ ကို ဝယ်ယူခဲ့ပြီး ယခုလ အစောပိုင်းကလည်း နောက်ထပ်ဒုံးကျည် ၁၉၈၅ ခုကို ထပ်မံဝယ်ယူရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်ကို လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုမထားသော်လည်း ထိုင်ဝမ် ရေလက်ကြားတွင် ရှိရင်းစွဲအခြေအနေကို အင်အားသုံးပြီး ပြောင်းလဲမည့် မည်သည့် အားထုတ်ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ကာ ထိုင်ဝမ်ကို လက်နက်အများဆုံး ထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်သည်။

မှတ်တမ်းဗွီဒီယိုထဲတွင် PLA သည် မီးကျည်များ အသုံးပြုခြင်း၊ ရန်သူများ၏ လေကြောင်း ကာကွယ်ရေးကို ချိုးဖောက်ရန် ကြိုးပမ်းသည့်အနေဖြင့် ဒုံးကျည်များပစ်လွှတ်ခြင်း အစရှိသည့် လေ့ကျင့်မှုများကို ဖော်ပြခဲ့သည်။

 တရုတ်တိုက်လေယာဉ်များကိုတွေ့ရစဉ်

ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးကို လေယာဉ်ကွင်း တစ်ခုထဲတွင် ပြုလုပ်ခဲ့ပြီး မြေပေါ်ရှိ ပစ်မှတ်များကို ရန်သူများ၏ ခံတပ်စခန်းများအဖြစ် ပုံဖော်ဆောက်လုပ်ခဲ့သည်။ 

သို့သော် CCTV က ထုတ်လွှင့်ခဲ့သည့် ထိုမှတ်တမ်းဗွီဒီယိုတွင် တည်နေရာကို လျှို့ဝှက်ထားရန် အဆောက်အအုံ များ၏ ပုံများကို မှုန်ဝါးဝါး ပြသထားသည်ကို မြင်တွေ့ရသည်။

ထို့ပြင် တရုတ်ရေတပ်၏ လှုပ်ရှားမှုများကို ပြသရာတွင်လည်း တန် ၁၂,၀၀၀ အလေးချိန်ရှိ  Type 055 ဖျက်သင်္ဘော၏ အခန်းကဏ္ဍနှင့် လေယာဉ်တင် သင်္ဘောအုပ်စု၏ အီလက်ထရောနစ် စစ်ဆင်ရေးများကို အသားပေးဖော်ပြခဲ့သည်။

Yanan အမည်ရှိ အဆိုပါ ဖျက်သင်္ဘောတွင် ဘက်စုံသုံး ပဲ့ထိန်းဒုံးကျည်စနစ် တပ်ဆင်ထားပြီး၊ လေကြောင်း ကာကွယ်ရေးစနစ်၊ ဒုံးကျည်ကာကွယ်ရေးစနစ်၊ ရေငုပ်သင်္ဘောဖျက်စနစ်၊ အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များ တပ်ဆင်ထားသည်။

ထိုမှတ်တမ်းဗွီဒီယိုတွင် Yanan သင်္ဘောသည် လျှပ်စစ်သံလိုက်လှိုင်း နှောင့်ယှက်သည့် အချက်ပြမှုများကို ထောက်လှမ်းပြီး ထိုသတင်းအချက်အလက်များကို J-15 တိုက်လေယာဉ်များထံ ပေးပို့ကာ စုံစမ်းထောက်လှမ်း ခိုင်းသည့် မြင်ကွင်းများကိုလည်း ပြသထားသည်။ 

ထို့နောက် J-15  တိုက်လေယာဉ်များက ရန်သူတို့၏ အီလက်ထရောနစ် စစ်ဆင်ရေး လေယာဉ်နှစ်စင်းကို ထောက်လှမ်းတွေ့ရှိပြီး အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ပုံကိုလည်း ပြသခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို မည်သည့်အချိန်က ပြုလုပ်ခဲ့သည်ကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း ဇူလိုင်လ အတွင်းက Yanan သင်္ဘောသည် Shandong လေယာဉ်တင် သင်္ဘောအုပ်စုနှင့်အတူ အနောက်ပစိဖိတ် သမုဒ္ဒရာ ထဲတွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများအတွင်း ပါဝင်ခဲ့သည်။

ဂျပန်စစ်တပ်ကမူ ဇူလိုင်လက ပြုလုပ်ခဲ့သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုအတွင်း  Yanan သင်္ဘောကို ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ပြီး Shandong သင်္ဘောပေါ်သို့ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အတက်၊အဆင်း ပြုလုပ်နေ ပုံများကိုလည်း ဓာတ်ပုံရိုက်ယူခဲ့သည်။

ထိုင်ဝမ်နဲ့တရုတ်အလံကို စစ်သားတစ်ဦးကြည့်နေစဉ်

ထိုအချိန်နှင့် တစ်ချိန်တည်းမှာပင် အမေရိကန်ကလည်း ဟာဝိုင်အီ (Hawaii) ကျွန်းအနီးတွင် RIMPAC အမည်ရှိ ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုကို ဦးဆောင်ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်အရှေ့ဘက် ရေပြင်များသည် PLA ၏ သေနင်္ဂဗျူဟာများထဲတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေ ပြီး တိုက်ခိုက်မှု ဖြစ်ပွားလာပါက ထိုရေပြင်များ၌ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ကြားဝင်စွက်ဖက် လာနိုင် ခြေရှိသည်။

တရုတ်၏ မှတ်တမ်းဗွီဒီယိုထဲတွင် မြေပြင်တပ်ဖွဲ့တစ်ဖွဲ့ PLA ၏ ခေတ်အမီဆုံး PCL-191 တာဝေးပစ် အတွဲလိုက် ဒုံးပစ်လောင်ချာစနစ်တစ်ခုကို ပစ်ခတ်နေပုံအား ပြသခဲ့သည်။ ထိုဒုံးပစ်လောင်ချာသည် ၃၇၀ မမ ဒုံးကျည်များကို ၃၅၀ ကီလိုမီတာ (၂၁၇ မိုင်) အထိပစ်ခတ်နိုင်ပြီး၊ ၇၅၀ မမ ပဲ့ထိန်းဒုံးကျည်များကို ၅၀၀ ကီလိုမီတာ (၃၁၁ မိုင်) အထိ ပစ်ခတ်နိုင်သည်။                                          

ထိုင်ဝမ်ရေလက်ကြားသည် အကျဉ်းမြောင်းဆုံးနေရာမှာ ၂၈၀ ကီလိုမီတာ (၁၇၄ မိုင်) သာရှိပြီး ထိုဒုံးကျည်စနစ် များအရ တရုတ်ပြည်မကြီး၏ ဖူကျန်း (Fujian) ပြည်နယ်တွင် တပ်စွဲပြီး ထိုင်ဝမ်၏ အနောက်ဘက် ကမ်းရိုးတန်း ကို တိုက်ခိုက်နိုင်စွမ်းရှိသည်။

ထိုင်ဝမ်စစ်တပ်သည် ယခုနှစ်အတွင်း  ရွှေ့ပြောင်းရလွယ်ကူသည့် M142  လက်နက်ကြီး ဒုံးပစ်စနစ် ၁၁ ခုနှင့် ခဲယမ်းများထဲမှ ပထမအသုတ်ကို လက်ခံရရှိမည်ဖြစ်သည်။ 

အမေရိကန်လုပ် အဆိုပါ အတွဲလိုက် ဒုံးပစ်စနစ်သည် ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်ရောက်ရှိနိုင်ကာ ယူကရိန်း စစ်ပွဲတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတွင် ညအချိန် လေ့ကျင့်မှုများလည်း ပါဝင်နေပြီး ရန်သူတပ်ဖွဲ့များက ဒုံးကျည်များ၊ ရော့ကတ်များဖြင့် တရုတ်ဗုံးကြဲလေယာဉ်များနှင့် စစ်သင်္ဘောများကို တိုက်ခိုက်နေသည့် အသွင်သ ဏ္ဍန်ဖြင့် စစ်ရေးလေ့ကျင့်ခဲ့သည်။

"ကျနော်တို့က ရန်သူကို သေနတ်ပြောင်းချိန်ထားချိန်မှာ သူတို့ကလည်း ကျနော်တို့ကို သေနတ်ပြောင်းနဲ့ ချိန်ထားမှာပါ။ နိုင်ပွဲကတော့ စက္ကန့်ပိုင်းမှာ ရပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ သူတို့ကို ပြန်တိုက်ခွင့်ပေးမှာ မဟုတ်ပါဘူး" ဟု တရုတ်၏ Quenching အမည်ရှိ အခန်းဆက် မှတ်တမ်းဗွီဒီယိုတွင် နောက်ခံစကားပြောဖြင့် ဖော်ပြခဲ့သည်။

Source: SCMP