CNI International News
ပရီတိုးရီးယား၊ ဧပြီ ၂၂
ပရီတိုးရီးယားမြို့(Pretoria)ရှိ UNHCR ရုံးများ၏ အပြင်ဘက်တွင် သုံးနှစ်ကျော်ကြာ တဲထိုး နေထိုင်လျက်ရှိသော နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူ ၁၀၀ ကျော်ကို တောင်အာဖရိကရဲတပ်ဖွဲ့က နှင်ထုတ်ဖယ်ရှားခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြသည်။
နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က နိုင်ငံခြားသား ကြောက်သည့် အကြမ်းဖက် မှုများ ပေါ်ပေါက်လာပြီးနောက် ၎င်းတို့အား တခြားနိုင်ငံများသို့ ရွှေ့ပြောင်းပေးရန် တောင်းဆိုကာ UNHCR ရုံးများ အပြင်ဘက်တွင် လက်လုပ်တဲများဖြင့် စတင်နေထိုင်ခဲ့ကြသည်။
ပရီတိုးရီးယား မြူနီစီပယ်အဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင် ထိုသူများ ဖယ်ရှားရေး အထက်တရားရုံး အမိန့် တစ်ခုကို ရဲတပ်ဖွဲ့က သောကြာနေ့တွင် ရယူခဲ့သည်။
တရားရုံး စာရွက်စာတမ်းများတွင် ဒုက္ခသည်များအား နှင်ထုတ်ကာ လင်ဒီလာ နေရပ်ပြန်လည် ပို့ဆောင်ရေး စင်တာ (Lindela Repatriation Centre) သို့ ရွှေ့ပြောင်းရမည်ဟု ဖော်ပြထားသည်။
၎င်းတို့အား မူလနိုင်ငံများသို့ ပြန်လည် ပို့ဆောင်ပေးရန်အတွက် အထောက်အထားမဲ့ ဒုက္ခသည်များကို ထားရှိရာ စင်တာ ဖြစ်သည်။
တဲများတွင် နေထိုင်သူများ အနေဖြင့် ဖယ်ရှားမှုကို လက်မခံလျှင် ဖမ်းဆီး ထိန်းသိမ်းခံရမည်ဟု ကြေညာကာ ဖယ်ရှား ရှင်းလင်းရေးကို စတင်လုပ်ဆောင်ခဲ့သည်။
တချို့ မိသားစုများက အသာတကြည် ပူးပေါင်း ဆောင်ရွက်သော်လည်း တချို့က အာခံဆန္ဒပြခဲ့သည်။
နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများက ၎င်းတို့အား တခြားနိုင်ငံများရှိ ဒုက္ခသည် စခန်းများသို့ ရွှေ့ပြောင်းပေးရန် တောင်းဆိုသော်လည်း ယင်းက အဖွဲ့၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေသည်ဟု UNHCR ပြောခွင့်ရပုဂ္ဂိုလ် လော်ရာ ပါဒိုရန် (Laura Padoan) က ပြောသည်။
ဖယ်ရှား ရွှေ့ပြောင်းမှုများကို လူသားချင်းစာနာမှု၊ ဂုဏ်သိက္ခာ၊ လေးစားမှုတို့ဖြင့် ငြိမ်းချမ်းစွာ လုပ်ဆောင်သွားရန် လည်း UNHCR ဘက်မှ အာဏာပိုင်များကို တောင်းဆိုခဲ့သည်။
တောအာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး နိုင်ငံရေး ခိုလှုံခွင့်ဆိုင်ရာ မူဝါဒများကို ပိုင်ဆိုင်ထားကာ နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည် အမည်ခံကာ အလုပ်လုပ်ခွင့် ရှိသည်။
သို့သော် လျှောက်ထားမှု စနစ်များ သည် အလုပ်မဖြစ်သောကြောင့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူ အများစုသည် သောင်တင်ရေမကျ အခြေအနေသို့ နှစ်ပေါင်းများစွာ ရောက်ရှိခဲ့ကြသည်ဟု လူအခွင့်အရေး အဖွဲ့များက ပြော သည်။
အာဖရိကတိုက်၏ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်ခြင်းကြောင့် တောင်အာဖရိကသည် စီးပွားရေးအရ ရွှေ့ပြောင်း နေထိုင်သူများ မျက်စိကျရာ နေရာလည်း ဖြစ်သည်။ ထိုအခြေအနေက နိုင်ငံတွင်းရှိ အလုပ်လက်မဲ့ နိုင်ငံသားများ ကို ဒေါသဖြစ်စေခဲ့ကာ နိုင်ငံခြားသား အလိုမရှိသော အကြမ်းဖက်မှုများကို ဖြစ်စေခဲ့သည်။
Source: Aljazeera