CNI International News

မွမ်ဘိုင်းဇွန်လ ၆

အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ် အကျော်အမော် သရုပ်ဆောင်  ဆဲလ်မန်ခန်း (Salman Khan) နှင့် ၎င်း၏ဖခင် စာရေးဆရာ ဆာလင်ခန်း (Salim Khan) တို့အား သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်စာ လက်ခံရရှိပြီး တစ်ရက်အကြာတွင် မွန်ဘိုင်းရဲ အဖွဲ့က ၎င်းတို့၏ ဗန်ဒရာဒေသ (Bandra) အနောက်ဘက်ရှိ နေအိမ်ကို ဇွန်လ ၆ ရက် (ယနေ့) တွင် စုံစမ်းစစ်ဆေးပြီး လုံခြုံရေးတိုးမြှင့်ရန် ရောက်ရှိလာခဲ့သည်။

ရဲတပ်ဖွဲ့၏ ပူးတွဲရဲမှူးဖြစ်သူ ဗစ်ဝပ်နန် ဂရီပတေးလ် (Vishwas Nangre-Patil) နှင့် အခြားလုံခြုံရေး အရာရှိများ ဦးဆောင် သော အဖွဲ့သည် ဆဲလ်မန်ခန်း မိသားစုကို ဇွန်လ ၅ ရက်က ၎င်းတို့နေထိုင်ရာ ဂလက်စီတိုက်ခန်း  (Galaxy Apartments) အနီးတွင် လက်ခံရရှိသည့် တိုင်တန်းစာဖြင့် စုံစမ်းမေးမြန်းခဲ့သည်။

၎င်းမိသားစု၏ နေအိမ်တွင် အရန်လုံခြုံရေး ဝန်ထမ်းများကို ဖြန့်ကြက် ချထားသော်လည်း "အမှုကို ပဏာမ အချက်အလက် အားလုံး စုံလင်မှသာ မှတ်ချက်ပေးမည်" ဟု ဗစ်ဝပ်နန် ဂရီပတေးလ်က ပြောကြားခဲ့သည်။

မွမ်ဘိုင်း ရဲမှုခင်းဌာနခွဲက စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဗန်ဒရာဒေသ ရဲတပ်ဖွဲ့ (Bandra Police) ကလည်း အမည်မသိ သူများထံမှ ပေးပို့သည့် သေစေမည့် ခြိမ်းခြောက်စာ ပေးပို့ခြင်းအတွက် ပထမ သတင်းပေးတိုင်ကြားချက် (FIR) ကို အလေးထား၍ စုံစမ်းစစ်ဆေးခဲ့သည်။

ဆဲလ်မန်ခန်း၏ ဖခင်ဖြစ်သူ အသက် ၈၇ နှစ်ရှိ  ဆာလင်ခန်းသည် ဇွန်လ ၆ ရက် (ယနေ့) နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဗန်ဒရာ ဘန်းစတန်း (Bandra Bandstand) လမ်း၌ ကာယလေ့ကျင့်ခန်း လုပ်ပြီးနောက် အနားယူနေကျ ခုံတန်းလျားတစ်ခုပေါ် လဲလျောင်းနေစဉ် အမည်မသိ လူတစ်ဦးထံမှ လက်မှတ် မထိုးထားသည့် လက်ရေးဖြင့် ရေးသားထားသော ခြိမ်းခြောက်စာ တစ်စောင်ကို ရရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ စာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး စာသား အတိုကောက် အချို့နှင့် ရေးသားထားပြီး ဆဲလ်မန်ခန်းကို ပစ်မှတ် ထားသည့် အတိတ် ဖြစ်ရပ်များနှင့် ဆက်နွှယ်ခြင်းရှိပါက ထိုမှုခင်း ဖော်ထုတ်ရန် ကြိုးပမ်းနေသည်။ ထို့ပြင် ရဲတပ်ဖွဲ့က အဆိုပါ ဧရိယာအတွင်း CCTV မှတ်တမ်းများကို သဲလွန်စ ရှာဖွေနေပြီး ခြိမ်းခြောက်စာဖြင့် စပ်လျဉ်း၍ ဒေသခံများကို စစ်ဆေးမေးမြန်း လျက်ရှိသည်။

Source: wionews.com