CNI News
၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၃၀
နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများတွင် ပြည်ထောင်စု၏ အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နှင့် လုပ်ဖို့လိုသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က ရုရှားနှင့်ကာဇက်စတန် ခရီးစဉ်ကနေ အပြန်တွင် လေယာဉ်ပေါ်၌ ၎င်းက မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အဓိက,ကတော့ ကျနော်တို့က ဘက်ပေါင်းစုံ ကြိုးစားဖို့ လိုတယ်။ တစ်ဖက် ကလည်း နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုတွေလည်း ပြည်ထောင်စုရဲ့ အကျိုးကို ရည်မှန်းပြီးတော့ အမြင် ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ ပြောဆိုနေကြတာတွေက အားနည်းချက်က ရှိတယ်လို့ ကျနော် မြင်တယ်။ အဓိကတော့ သူတို့ နိုင်ငံရေးအရ ဘာသာရေးအရ၊ တိုင်းရင်းသားရေးအရ၊ တချို့ ပြောဆိုနေတာလေးပေါ့။ ပြောဆို တာလေးတွေက ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ်ကိုင်မယ်ဆို ပိုကောင်းမယ်လို့ ကျနော်တို့ မြင်ပါ တယ်။ တစ်ဖက်ကလည်း ကျနော်တို့တွေ ကြိုးစားအားထုတ်မှုတွေလည်း လိုတယ်။ ကြိုးစားအားထုတ်တာက နှစ်ပိုင်းပေါ့။ တစ်ခုကတော့ ပညာသင်ကြားရေး အပိုင်းကို သွားရမယ်၊ ဒါက ငြင်းပယ်လို့မရဘူး။ ပကတိ တိုင်းပြည် မှာ ဖြစ်ပျက်နေတဲ့ အခြေအနေက ပညာရေးအားနည်းတဲ့ အခြေအနေမှာ ရှိတယ်လို့ မြင်တယ်။ ဒုတိယက ဘာလဲ ဆိုရင် ကုန်ထုတ်လုပ်မှု အလုပ်လုပ်မှုပေါ့။ ဒီနှစ်ခု ကျနော်တို့က အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အဲတာ ဘာလဲ ဆိုရင် သယံဇာတပစ္စည်းတွေ အပေါ်မှာပဲ ရောင်းတာပေါ့။ တွင်းထွက်ပစ္စည်းတွေ၊ ရေနံဓာတ်ငွေ့ပစ္စည်းတွေ၊ သစ်တောထွက်ပစ္စည်းတွေ ရောင်းတာရှိမယ်။ ဒါပေမယ့် ကျနော်တို့က အလုပ်လုပ်ပြီး ထုတ်လို့ရတဲ့ ပစ္စည်းတင်ပို့ရောင်း ချမှုက အားနည်းပါတယ်။ ဒါကျနော်က ထောက်ပြတာပါ” ဟု ပြောသည်။
NCA နှစ်ပတ်လည် အခမ်းအနားမှာ ခေါင်းဆောင်များကိုတွေ့ရစဉ်
ပြည်ထောင်စုအကျိုးနှင့် နိုင်ငံရေးအမြင် ကျယ်ရန်လိုအပ်သည်ဟု ပြောဆိုခြင်းသည် ရွေးကောက်ပွဲအား အောင် မြင်ရန်နှင့် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားသူများအား နားချသည့်သဘော ဖြစ်နိုင်ကြောင်း NCA ထိုးထား သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ဘာဖြစ်ဖြစ် သူ့မှာက တရားခံရှာတဲ့ အကျင့်ရှိတယ်လေ သူ့မှာက။ တရားခံရှာတဲ့အနေနဲ့ ပညာရေးအားနည်းလို့ ဖြစ်တယ်ဆိုတာမျိူးတို့၊ နောက်ပြီးတော့ ကျနော်တို့ ပြည်ထောင်စုစိတ်ဓာတ်မရှိလို့ ဖြစ်တယ် ဆိုတာမျိုးတို့ပေါ့ဗျာ၊ တရားခံရှာတာပေါ့။ တကယ်တော့ ဘယ်လိုဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးဖို့ ဒါမှ မဟုတ်လည်း အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ ပိုပြီးတော့ ပျော့ပျောင်းညင်သာတဲ့ဟာတွေ သုံးသင့်တာပေါ့ဗျာ။ အခု အကြမ်းဖက်လုပ်ရပ်တွေ ဘယ်ဘက်ကပဲ လုပ်လုပ်ပေါ့၊ မလိုမုန်းထားမှုတွေပေါ့။ အကြမ်းဖက်လုပ်ရပ်တွေ ဘယ်ဘက်ကမှ မလုပ်ဖို့နဲ့ မလိုမုန်းထားမှုတွေလည်း လျော့နည်းဖို့အတွက် တာဝန်ရှိကြတာပေါ့။ ခေါင်းဆောင် အားလုံးက”ဟု ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေသည်။
ထို့နောက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုသူ၊ ဒီမိုကရေစီစနစ် တည်ဆောက်လိုသူ၊ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိလိုသူ၊ ခွဲထွက်နိုင်ရေး ကြိုးပမ်းနေသူ၊ ဗဟိုချုပ်ကိုင်မှုစနစ်ကို တည်ဆောက်လိုသူ၊ စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းလိုသူ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲလိုသူ စသဖြင့် တိုင်းပြည်တည်ဆောက်ရေး ကြိုးပမ်းနေသူများကြား သဘောထားများ ကွဲလွဲနေ ကြသည်။