CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
မြန်မာနိုင်ငံကနေ ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေသူများကို တင်းကျပ်ခြင်းက အောက်ခြေဝန်ထမ်း များကြားတွင် အကျင့်ပျက်ခြစားမှုများ ဖြစ်လာနိုင်သည်ဟု စီးပွားရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြ သည်။
၂၀၂၄ နှစ်ကုန်ပိုင်းတွင် သန်းခေါင်စာရင်း ကောက်ခဲ့ရာ နိုင်ငံလူဦးရေ ကျဆင်းနေသည်ကို တွေ့ရကြောင်း၊ ထိုသို့ လူဦးရေ ကျဆင်းနေခြင်းမှာ ပြည်ပထွက်ခွာကြမှု များပြားခြင်းကြောင့်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို အလုပ်သမားဝန်ကြီးဌာနက တင်းကျပ်လာခဲ့သလို တချို့ ပိတ်ပင်မှုများ ရှိလာခဲ့သည်။
အလားတူ ပြည်ပသို့ ထွက်ခွာရန် မြန်မာနိုင်ငံမှ လူငယ်များ သွားရောက်စဉ် လေဆိပ်တွင် ဝန်ထမ်းတချို့က လုံခြုံရေးအကြောင်းပြ၍ ထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လာခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝင်ခွင့်ကဒ်ပေးနေစဉ်
ပြည်ပထွက်ခွာလိုသူများအား တင်းကျပ်လာခြင်းက လူငယ်လူရွယ်များ၊ စစ်မှုထမ်း အရွယ်များ ပါလာသော ကြောင့် ခေါ်မေးကြပ်မတ်ခြင်းမျိုး ရှိကောင်းရှိမည်ဖြစ်ကြောင်း၊ ပြည်ပ ထွက်ခွာလို သူများအတွက် ရှောရှောရှူရှူ အဆင်ပြေလျှင် ပိုကောင်းကြောင်း၊ မဟုတ်လျှင် မသိသူကျော်သွား သိသူဖော်စား ပုံစံဖြစ်လာပြီးနောက် အကျင့် ပျက်ခြစားမှုကို အားပေးသလို ဖြစ်သွားနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နောက်ပိုင်း ကြပ်လာတယ် ဆိုတာကတော့ ကျနော်ထင်တယ် လူငယ်တွေ ပါလာတယ်၊ စစ်မှုထမ်း အရွယ် ပါလာတဲ့ လူငယ်တွေကျရင်တော့ သူတို့ ဒါ နည်းနည်းပါးပါး ဟိုခေါ်မေးတာတွေ ကြပ်တာတွေတော့ ရှိကောင်းရှိမှာ ပေါ့။ သူ့ဟာသူ အပိုင်းလေးနဲ့ အဆင်ပြေ သွားတာတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် ခုချိန်မှာတော့ ဒီတရားဝင် ခွင့်ပြုထားတဲ့ သူတွေ အမှန်တကယ် သွားလိုတဲ့သူတွေ အတွက်ကတော့ ရှောရှောရှူရှူ အဆင်ပြေတယ်ဆိုရင် ပိုကောင်းတာပေါ့။ စည်းနဲ့ကမ်းနဲ့ ဖြစ်သွားတာပေါ့။ မဟုတ်ရင်တော့ မသိသူကျော်သွား သိသူဖော်စား ပုံစံဖြစ်နေ ရင်တော့ ဒါကြီးက အကျင့်ပျက်ခြစားမှုကို အားပေးသလို ဖြစ်နေတာပေါ့”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြည်ပထွက်ခွာခွင့် အခြေအနေများနှင့် ပတ်သက်ပြီး မှတ်ချက်ပြုပြီးနောက် ဇန်နဝါရီ ၂၃ ရက်တွင် စစ်မှုထမ်းနည်းဥပဒေ ထွက်လာခဲ့သည်။
ထိုနည်းဥပဒေ ပုဒ်မ ၅၁ တွင် စစ်မှုထမ်းဖို့ ဆင့်ခေါ်သည့် အမိန့်စာ ရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများကို ထွက်ခွာခွင့်မရှိစေရဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း တွေ့ရစဉ်
တာဝန်ရှိပုဂ္ဂိုလ်များမှ အကျင့်ပျက်ခြစားမှုများကို ထိထိရောက်ရောက် ကိုင်တွယ် အရေးယူနိုင်မည်ဆိုလျှင် နိုင်ငံသူ နိုင်ငံသားများ အကျိုးများမည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်ပထွက်ခွာခွင့် တင်းကျပ်ထားတယ် ဆိုပေမဲ့လည်း အဲတာက တာဝန်ကျအရာရှိနဲ့ ဆိုင်တာမျိုးလို့ တစ်ခါတလေကျ တွေ့ရတယ်။ အဲဒီအချိန်မှာရှိတဲ့ တာဝန်ရှိတဲ့ လူရဲ့ စိတ်နေစိတ်ထား အမျှော်အမြင်ရှိတဲ့ပေါ်မှာ မှုတည်ပြီးတော့ တချို့တွေလည်း ဒီလိုပဲ သွားခွင့်လာခွင့်တွေ ရှိနေကြတာပဲလေ။ ဒါပေမယ့် ဝန်ထမ်းတချို့က အကျင့်ပျက် ခြစားမှုတွေရှိတယ်၊ တစ်ဖက်သတ် ကိုယ်လိုရာ ဆုံးဖြတ်ကြတာတွေ ရှိတယ်။ ဖြစ်လာတဲ့ အကျိုး ဆက်တွေက သက်ဆိုင်ရာပုဂ္ဂိုလ်တွေ နိုင်ငံသူနိုင်ငံသားတွေကို ကြီးကြီးမားမား ထိခိုက်သွားတာတွေရှိတယ်။ အောက်ခြေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို သေသေချာချာ မှာကြားပြီးတော့ အကျင့်ပျက် ခြစားမှုတွေကို ထိထိ ရောက်ရောက် ကိုင်တွယ် အရေးယူနိုင်မယ်ဆိုရင်တော့ နိုင်ငံသူနိုင်ငံသားတွေအတွက် အကျိုးများမှာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာချင်သူ များပြားမှုကြောင့် တရားဝင် ကန့်သတ် မှုမရှိခင် ကာလကတည်းက တရားမဝင် လမ်းကြောင်းများဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ခိုးဝင်မှုသည် နေ့စဉ်နှင့်အ မျှ ရှိနေသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံသူ/သားများသည် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာလျက်ရှိနေ ကြသည်။