CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၇
မြန်မာနိုင်ငံအတွင်းသို့ တခြားသော နိုင်ငံသူ/သားများမှ လူလှိုင်းပုံစံနှင့် ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို အမျိုးသားလုံခြုံရေး ရှုထောင့်ကနေကြည့်၍ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်ကို လူဦးရေဆိုင်ရာ ကျူးကျော်မှု လုပ်ဆောင်ကြခြင်းဖြစ်၍ လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနက အဂတိတရား ကင်းကင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “နံပါတ် ၁ က နယ်စပ် ကာရမှာပေါ့။ အိန္ဒိယလည်း နမူနာပဲလေ။ သူ့နိုင်ငံထဲကို တခြား နိုင်ငံကလူတွေ လူလှိုင်းပုံစံနဲ့ Immigrant (ရွှေ့ပြောင်းနေထိုင်သူ) ပြဿနာကို ဖြေရှင်းဖို့လိုတာပေါ့။ အဲဒါကြောင့် ခြံစည်းရိုးတွေ ကာကြတာပေါ့။ ခြံစည်းရိုးတွေ ကူးလာရင် ပစ်သတ်ခွင့်တောင် ဥပဒေပြဋ္ဌာန်းပေးထားတာပဲ။ အချုပ်အခြာအာဏာရဲ့ ပိုင်နက်ဆိုတဲ့ Delimitation ( နယ်ိနမိတ် အမှတ်အသားပြုခြင်း ) လုပ်ကြတာပေါ့။ ကိုယ့်ပြည်တွင်းမှာ ရောက်နေတဲ့ ပြည်သူတွေ အဖြူအမဲ ပြန်ခွဲရမှာပေါ့။ တစ်ဖက်က ကူးလာတဲ့ပုဂ္ဂိုလ်လား၊ မြန်မာနိုင်ငံသား အစစ်လား၊ တိုင်းရင်းသားလား၊ မြန်မာနိုင်ငံမှာ တည်ဆဲဖြစ်တဲ့ နိုင်ငံသားဥပဒေနဲ့ ဘာအခွင့်တွေ ကို ပေးရမှာလဲ။ မြန်မာနိုင်ငံတွင်းမှာနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ လုပ်ရမယ့်တာဝန်တွေ အစိုးရမှာရှိတာပေါ့။ သူရဲ့ဝန်ကြီးဌာနတွေ အားလုံးက ဒါနဲ့ပတ်သက်လို့ စိစစ်ပေးရမှာပေါ့။ လူထုကို စည်းရုံးရမှာပေါ့၊ အဲဒီအတွက် ဒေါက်တိုင်တွေဖြစ်တဲ့ သက်ဆိုင်တဲ့ဌာနတွေက လာဘ်ပေးလာဘ်ယူမှု ကင်းဖို့လိုတာပေါ့ဗျာ နိုင်ငံပေါ်မှာ၊ ဌာန ဆိုင်ရာတွေဆိုတာ ဒီအတွက် ဖွဲ့စည်းထားတာပဲ နိုင်ငံရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့၊ တိုင်းရင်း သားပေါင်းစုံ၊ နိုင်ငံသားပေါင်းစုံ အေးတူပူအမျှပေါ့ဗျာ ဒါစီမံခန့်ခွဲပေးရတာ အစိုးရမင်းများရဲ့ တာဝန်ပေါ့”ဟု ပြောသည်။

လဝက,က လူဦးရေ စာရင်း ကောက်နေစဉ်
ထို့နောက် အစိုးရအနေဖြင့် နိုင်ငံလုံးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်များ ရှိရန်လိုအပ်ကြောင်း၊ နိုင်ငံသားများက လည်း အချင်းချင်း စည်းလုံး၍ ပူးပေါင်းကာကွယ်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါက်တာအေးမောင်က “အဲဒါကြောင့် နိုင်ငံတစ်ခုလုံးနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ ရည်မှန်းချက်က ဘာလဲ၊ နိုင်ငံတစ်ခုလုံးရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ကဏ္ဍကို ဘယ်လို ရှေ့ဆက်သွားအောင် မဟာဗျူဟာပေါ့ဗျာ။ ဒါတွေက နိုင်ငံတော်ဗဟိုအစိုးရရဲ့ ပေါ်လစီကို ဘယ်လိုအသက်သွင်းမလဲ၊ သူ့ပြဿနာ သူဟာဆိုတာမျိုးဆိုရင် ဘယ်လိုမှ ဒီနိုင်ငံရေရှည်တည်တံ့ဖို့ မလွယ်ဘူးဗျ။ အဲဒါကြောင့် အထူးသဖြင့် လူဝင် လူထွက်နဲ့ ပတ်သက်တဲ့ မှတ်ပုံတင်နဲ့ ပတ်သက်တဲ့၊ သန်းခေါင်စာရင်းနဲ့ ပတ်သက်တဲ့ ဝန်ကြီးဌာနသည် အလွန်တရာ တာဝန်ကြီးတယ်။ လူမျိုးတူ၍ ညီညွတ်ရေး၊ လူမျိုးမပျောက် ဆိုင်းဘုတ်လေးနဲ့ မရဘူးဗျ။ ကိုယ်တို့ ကိုယ်တိုင်ကိုက တကယ် ကျင့်ကြံဖို့လိုတယ်။ အဲဒါကြောင့် ဝန်ကြီးဌာနအားလုံး တိတိကျကျ ရှိဖို့လိုတာပေါ့ နိုင်ငံတော်နဲ့နိုင်ငံသားများအပေါ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများ၏ ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းတစ်ခုကို ရင်ဆိုင် နေရသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့် မြို့နယ်များကို စုစည်း၍ လွတ်မြောက်နယ်မြေအဖြစ်ပေးရန် မွတ်ဆလင် လက်နက်ကိုင်များဖြစ်သည့် ARSA,ARA,RSO တို့က တောင်းဆို နေကြသည်။
လူဦးရေဆိုင်ရာ ကျူးကျော်မှုဆိုသည်က သေနတ်မဖောက်ဘဲ နယ်မြေကို လူဦးရေအားနှင့် သိမ်းပိုက်စိုးမိုးသည့် နည်းဗျူဟာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတော်များများသည် ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် အမျိုးသား လုံခြုံရေးအတွက် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို တင်းတင်းကြပ်ကြပ် ကျင့်သုံးကြကြောင်း စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များက ထောက်ပြကြသည်။
အမေရိကန်နိုင်ငံတွင် သမ္မတ ဘိုင်ဒန် လက်ထက်နှင့် လက်ရှိ သမ္မတထရမ့် လက်ထက်၌ အမေရိကန်နှင့် မက္ကဆီကို နယ်စပ်ကို ခြံစည်းရိုးကာရံ၍ လူလှိုင်းပုံစံ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာကို အမျိုးသားလုံခြုံရေး ထိခိုက်မှုဟု သတ်မှတ်ကာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လျက်ရှိသည်။
လူဝင်မှု ကြီးကြပ်ခြင်းကို နိုင်ငံတိုင်း တင်းတင်းကြပ်ကြပ် လုပ်ဆောင်လေ့ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အနေဖြင့်လည်း နယ်စပ်ခြံစည်းရိုး ကာရံခြင်းကို လုပ်ဆောင်သင့်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေကိုလည်း သေချာ ဆောင်ရွက်သင့်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
၎င်းက “အဲဒါကတော့ နိုင်ငံတိုင်းကလေ ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကို သေသေချာချာ သတ်မှတ်ပြီးတော့၊ ကိုယ့်နိုင်ငံ ကို တင်းကြပ်တာ နိုင်ငံတိုင်း မဖြစ်မနေ လုပ်ရမယ်။ အန်တီတို့ နိုင်ငံလိုမျိုးပေါ့နော်။ နိုင်ငံကြီးတွေ ဝန်းရံနေတဲ့ နိုင်ငံပေါ့နော်။ လူဦးရေ ပေါက်ကွဲမှုနှုန်း တအားမြန်ဆန်နေတဲ့ နိုင်ငံတွေနဲ့ အိမ်နီးချင်း ဖြစ်နေတဲ့ နိုင်ငံမျိုးက အဲဒီ မှာ လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ ခြံစည်းရိုးကိစ္စတွေ၊ နယ်စပ်ကိစ္စတွေဆိုတာက မဖြစ်မနေ လုပ်ရမယ်ပေါ့နော်။ နိုင်ငံ တိုင်းက လုပ်တဲ့ကိစ္စလည်း ဖြစ်တယ်ပေါ့နော်။ တကယ့် ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကားတောင်မှ လုပ်ရ တာပဲလေ။ အဲဒီတော့ အန်တီတော့ ဒီကိစ္စက ဒီအစိုးရသက်တမ်းမှာ မဖြစ်မနေပေါ့နော်၊ အမြန်ဆုံး လုပ်မယ်လို့ အန်တီက မျှော်လင့်တယ်ပေါ့။ ဒါမှသာလျှင် အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို တားဆီးနိုင်မယ်လို့။ နောက်ပြီးတော့ အန်တီတို့ ငြိမ်းချမ်းရေး ရှုထောင့်က ကြည့်မယ်ဆိုရင် အဲဒီဒေသ တည်ငြိမ် ရေး၊ ငြိမ်းချမ်းရေး ဆိုတာကပေါ့နော် အဲဒီဒေသမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေ သဟဇာတဖြစ်ဖြစ်နဲ့၊ သဟဇာတ ဖြစ်ပြီး အတူယှဥ်တွဲနေထိုင်ဖို့က အရေးကြီးတယ်။ အဲဒီလို အရေးကြီးတဲ့အခါမှာ အရင်ဆုံး ဥပဒေနဲ့အညီ နေထိုင် တဲ့ လူတွေ ဖြစ်ဖို့လိုတယ်၊ အဲဒီဒေသမှာ နေထိုင်တဲ့လူတွေကလေ။ ဒါကြောင့်မို့လို့ ဥပဒေမဲ့ ဖြစ်ရပ်တွေ တားဆီးဖို့ ဆိုလို့ရှိရင် နယ်စပ်ခြံစည်းရိုးကာရံတဲ့ လူဝင်မှုကို ကြီးကြပ်တဲ့ဥပဒေ၊ စနစ်တကျ တင်းကြပ်တဲ့ ဥပဒေကိစ္စတွေ လုံခြုံရေး အစီအမံတွေက မဖြစ်မနေလုပ်ပေးရမယ့် ကိစ္စတွေ ဖြစ်တယ်ပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံသည် လူဦးရေ အဆမတန် ကြီးမားသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများဖြင့် နယ်နိမိတ် ထိစပ်နေသည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်သို့ ရွှေ့ပြောင်းနေထိုင်မှုများ လုပ်လာခြင်းကြောင့် ဌာနေတိုင်းရင်းသား ရခိုင်လူမျိုးများဖြင့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ကြသည်။
တခြားတစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်၏ ဂျာမား အိစ် အစ္စလာမ္မစ်(Jamaat-e-Islami)ပါတီက ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် ဒါကာမြို့တော်၌ တရုတ်ကွန်မြူနစ် ပါတီကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ များအတွက် လွတ်လပ်သည့်ပြည်နယ် ထူထောင်ရေးကို ထောက်ခံပေးရန် အဆိုပြု ဆွေးနွေးခဲ့သည်။
အလားတူ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ အစိတ်အပိုင်းအချို့ကို ပေါင်းစပ်၍ ခရစ်ယာန်နိုင်ငံအသစ် ထူထောင်ရန် မိမိကို လူဖြူနိုင်ငံတစ်ခုက ကမ်းလှမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ပြောကြားခဲ့ဖူးသည်။
ရှိတ်ဟာစီနာက သဘောမတူသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသား ဆန္ဒပြမှုများ ပေါ်ပေါက်လာပြီးနောက် ရာထူးမှနုတ်ထွက်၍ အိန္ဒိယသို့ ထွက်ပြေးခဲ့ရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် မူဂျာဟစ်သူပုန်များသည် ၁၉၄၈ မှ ၁၉၆၁ အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း (မေယုခရိုင်)တွင် အစ္စလာမ္မစ်နိုင်ငံထူထောင်ရန် သို့မဟုတ် ပါကစ္စတန်နှင့်ပေါင်းရန် ရည်ရွယ်ကာ ပုန်ကန်ခဲ့ဖူး သည်။
