CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁

၂၀၂၄ ခုနှစ်မှာလည်း နစကမှ ချမှတ်ထားသော နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆက်လက် ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှာ အဖျက်လုပ်ငန်း အမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီး ခဲ့ကြောင်း၊ တိုင်းပြည်အတွက် အနုတ်လက္ခဏာဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကာလအတွင်းကလည်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ အချို့နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသား ပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင် စွာ ရင်ဆိုင်ကျော်လွှား နိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံ တိုးတက်စေဖို့ ဆန္ဒ မရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောက်ယှက်ခဲ့ကြတာလည်း ရှိပါတယ်။ အဖျက်လုပ်ငန်း အမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ ဒါတွေသာ မရှိခဲ့ရင်၊ မဖြစ်ခဲ့ဘူးဆိုရင် ကျနော်တို့နိုင်ငံဟာ များစွာကို တိုးတက် နေမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် သင်ခန်းစာပါ။ ကျနော်တို့အားလုံး နိုင်ငံကို ချစ်တဲ့၊ အမျိုးကို ချစ်တဲ့ စိတ် ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်။ ၂၀၂၄ ခုနှစ်မှာလည်း ကျနော်တို့ အစိုးရအနေနဲ့ ချမှတ်ထားတဲ့ အမျိုးသားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနဲ့ ဦးတည်ချက်များကို အောင် မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူလူထုနဲ့ လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော်လည်း အမျိုးသားရေး ရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်များကို အောင်မြင်ရန်အတွက် မည်ကဲ့သို့ ချဉ်းကပ်မှုများ ပြုလုပ်ဆောင်ရွက်မည်ကိုတော့ ထည့်သွင်းပြောကြားသွားခြင်း မရှိပေ။

 နစက-က ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို တွေ့ရစဉ်

ထို့အတူ စီးပွားရေး ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ပညာရေးကိုလည်း ပိုမို အားပေး ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လာမည့် ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့တို့တွင် အလှည့်အပြောင်းများ ပေါ်လာနိုင်ကြောင်း၊ ထို့ ကြောင့် လက်ရှိမှာ နဂိုရှိရင်းစွဲအတိုင်း ပြောဆိုမှုမှာ အမှားမယွင်းနည်းကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တွက်တာတော့ နှစ်သစ်ကူးအချိန်မှာ တခြားအလှည့်အပြောင်း စုဖွဲ့ပုံတွေ တခြား အလှည့် အပြောင်းတွေ ရုတ်တရက် ဘာမှ မရှိသေးတဲ့အခါကြတော့ နဂိုအတိုင်းပဲ ဆိုပြီးတော့ ပြောလိုက်တာလည်း ဖြစ်နိုင် ပါတယ်။ အကယ်၍ လာမယ့် ဇန်နဝါရီလကုန်တို့၊ ဖေဖော်ဝါရီ ၁ ရက်တို့ နောက်ပြီးတော့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တို့ အဲဒီဖက်တွေ ရောက်သွားရင်တော့ တခြားအလှည့်အပြောင်းတွေ ပေါ်ချင်လည်း ပေါ်လာနိုင် တာပေါ့၊ ဒါပေမဲ့ လောလောဆယ်ဆယ်တော့ နဂိုအတိုင်းပဲ ပြောထားတာက အမှားအယွင်း နည်းတာပေါ့၊ ကျနော် အဲဒီလို ယူဆပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နစကမှ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာ၍ အာဏာရယူခဲ့သည်မှာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၃ နှစ်ပြည့်မည် ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်းနိုင်ရေး ယခုနှစ်အတွင်း ပြည်လုံး ကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်က ပြောသည်။