CNI News

၂၀၂၂ ခုနှစ်၊ မေလ ၁၈

နစကဥက္ကဋ္ဌ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင် အဖွဲ့များတွင် ဥက္ကဋ္ဌများ ကိုယ်တိုင် တက်ရောက်လာရေး ညှိနှိုင်းနေကြသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များမှ ခေါင်းဆောင်များ ဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း၊ ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်နိုင်ကြောင်း၊ တက်ရောက်မည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် စာရင်းများကို မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးစေလိုကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။

PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ ၁၀ ပေါ့၊ မြောက်ပိုင်းက ၃ ဖွဲ့နဲ့ ကျနော်တို့ လက်မှတ်ထိုး ၇ ဖွဲ့၊ နာမည် စာရင်းတွေတော့ ရောက်သွားပြီလို့ ကြားရပါတယ်။ သို့သော်လည်းပဲ နာမည်စာရင်းတွေထဲမှာ တချို့က ဥက္ကဋ္ဌ အဆင့်ပါတယ်။ တချို့ကတော့ ဥက္ကဋ္ဌအဆင့် မပါဘူး။ အဲဒီအပေါ်မှာ နည်းနည်းပြန်ပြီးတော့ ထိန်းညှိချင်တဲ့ သဘော ထင်တယ်။ စစ်ကောင်စီဘက်က ဥက္ကဋ္ဌ အဆင့်ကြီးပဲ အားလုံးလိုချင်တဲ့ အခါကျတော့ နည်းနည်းလေး စာရင်းက မပြည့်စုံတဲ့ သဘော ဖြစ်နေတယ်လို့ ယူဆရတယ်။ ဒါကြောင့် သူတို့ အနေနဲ့ နည်းနည်း ဆက်လက် ကြိုးပမ်းနေတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ရက်တွေ ဘာတွေ ချိန်းဆိုတာတွေ ဘာမှ မကြားသေးဘူးဗျ ”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) ၂၀ ဖွဲ့အနက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ထိုးထားသည့် DKBA၊ KNU/KNLA-PC၊ RCSS၊ NMSP၊ PNLO၊ ALP၊ LDU တို့ တက်ရောက်မည် ဖြစ်ပြီး NCA မထိုးရသေးသည့် အဖွဲ့များထဲမှ SSPP၊ UWSA၊ NDAA တို့ တက်ရောက်မည် ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင် ၁၀ ဖွဲ့ထဲမှ တချို့အဖွဲ့များသည် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်မည် မဟုတ်ဘဲ တွဲဘက်အတွင်းရေးမှူး တာဝန်ယူထားသော ကိုယ်စားလှယ်များသာ တက်ရောက်မည် ဖြစ်သည့်အတွက် protocol အရ အခက်အခဲ အနည်းငယ် ဖြစ်နေကြောင်း သိရသည်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တချို့အဖွဲ့တွေအတွက် ထစ်နေတယ်။ ကျနော် အဲဒီလို ထင်တာ။ ကျနော်တို့ PNLO ကတော့ ဥက္ကဋ္ဌအဆင့် မသွားဘူး။ ဆရာ ခွန်ထွန်းတင် ဆိုတာ တွဲဘက်အတွင်းရေးမှူးကို လွှတ်တယ်ဗျ။ အဲဒီလိုမျိုးပေါ့ဗျာ၊ လားဟူ ကလည်း တွဲဘက် အတွင်းရေးမှူး သွားမယ့်သဘောရှိတယ်။ ဒါကြောင့် အတွင်းရေးမှူးအဖွဲ့လောက်နဲ့ သွားတဲ့အဖွဲ့တွေရှိသလို ဥက္ကဋ္ဌအဆင့် သွားတဲ့အဖွဲ့တွေ ရှိတော့ အဲဒါကို ဘယ်လိုချိန်ကိုက် ထိန်းညှိမလဲဆိုတာတော့ ကျနော်တို့ မသိသေးဘူး၊ နေပြည်တော် ဘက်က အစီအစဉ် ဆွဲနေတုန်းပဲနဲ့တူပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့မဆိုင်ဘူး အခုက ပရိုတိုကောအရ အခုပေးတဲ့စာရင်းကို သူတို့လက်ခံနိုင်၊ လက်မခံနိုင်၊ နည်းနည်း ညှိနှိုင်းနေတဲ့သဘောရှိတယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။

နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တွေ့ဆုံမည့် နေ့ရက်နှင့်အချိန်ကို EAO များ အဆိုပြုသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့ကတော့ အမြန်ဆုံး စတင်သွားရန် ပြင်ဆင်ထားကြောင်း ပြောထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည့် အမည်စာရင်းကို မေလ ၉ ရက်နေ့မှာ တောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ NCA လက်မှတ်ထိုးပြီးသား အဖွဲ့ ၇ ဖွဲ့၊ NCA မထိုးရသေးတဲ့ အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ က တက်ရောက်မယ်ဆိုတဲ့ဟာ စာရင်းပေးပို့ရရှိပြီး ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ သိတဲ့အတိုင်းပဲ သူတို့ ကြေညာချက်တွေ ထုတ်ပြီး မတက်ရောက်ဘူးဆိုတာတွေ တွေ့ရပါတယ်။ တချို့အဖွဲ့တွေကတော့ သူတို့အတွင်းမှာ ညှိနှိုင်း တိုင်ပင် နေလို့ စောင့်ကြည့်ချင်တဲ့သဘော ပြောတာရှိပါတယ်။ ဆွေးနွေးပွဲကတော့ ကျနော်တို့ ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ EAO အဖွဲ့တွေရဲ့ သူတို့အဆင်ပြေနိုင်မယ့်အချိန်ကို ကျနော်တို့ ဦးစားပေး စဉ်းစားထားတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ အမြန်ဆုံး စနိုင်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မည်သည့် ရက်၌ ကျင်းပမည်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။