CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁

တိုင်းရင်းသားများ၏ မြို့ရွာဒေသများကို စစ်ရေးနည်းနှင့် တိုက်ယူ၍ရခဲ့ရင်တောင်မှ ၎င်းတို့ဒေသများကို လက်နက်ဆန်းများ သုံးပြီး လေကြောင်းကနေ ဗုံးကြဲနေမှာပဲလို့ NSPNC၏ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပြောကြားခဲ့သည်ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြန်လည် ရေးသား ထုတ်ဖော်ပြောကြားခဲ့သည်။

ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ NSPNC အတွင်းရေးမှူးရဲ့ တိုင်းရင်းသားနဲ့ တိုင်းပြည်အပေါ် စေတနာ….၊ မင်းတို့ တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်းသာယာမှာမဟုတ်ဘူး၊ ငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေသုံးပြီး လေကြောင်းတိုက်ခိုက် ရေးနဲ့ အမြဲ့တမ်း ဗုံးကြဲနေမှာပဲ”ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့က ရေးသားခဲ့သည်။

အဆိုပါ မှတ်ချက်စကားကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့(MNDAA-TNLA-AA)တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရေးသားထားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ စသည့် မြို့နယ်များကို TNLA တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ထားပြီး ကျောက်မဲနှင့်သီပေါမြို့များကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေသည်။

ဗိုလ်မှူးချုပ်တားဘုန်းကျော် ရေးထားသည့် စာကိုတွေ့ရစဉ်

အလားတူ  MNDAA ကလည်း မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်ကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ ချင်းရွှေဟော် မြို့နယ် များကို သိမ်းပိုက်ထားသကဲ့သို့ လောက်ကိုင်မြို့အား သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေ သည်။

တခြား တစ်ဖက်မှာလည်း AA သည် ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများ ဖော်ဆောင်၍ နယ်မြေထိန်း ချုပ်ရေး ဧရိယာများ ချဲ့ထွင်လျက်ရှိနေသည်။

AA၊ MNDAA၊ TNLA တို့ ဦးဆောင်၍ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MYD-PDF)၊ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)၊ PLA ၊ ဗိုလ်နဂါးဦးဆောင်သည့် PDF များ ပါဝင်သည့် ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်အကောင်အထည်ဖော်လျက်ရှိသည်။