CNI International News

ဝါရှင်တန်၊ ဇန်နဝါရီ ၁ 

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား (Califonia) ပြည်နယ်တွင် ၂၀၂၄ ခုနှစ်မှစပြီး ပြည်သူပိုင်နေရာများတွင် သေနတ်ကိုင်ဆောင်မှုတားမြစ်သည့် ဥပဒေကို ဖက်ဒရယ်အယူခံတရားရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် ခွင့်ပြုခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒုတိယမြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ ထိုဥပဒေသည် နိုင်ငံသားများ၏ လက်နက်ကိုင်ဆောင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့သည့် တရားသူကြီးတစ်ဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့်  အမိန့်စာကို အမေရိကန်၏ အမှတ် ၉ အယူခံတရားရုံးက ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီး ၃ ဦးပါ ဂျူရီအဖွဲ့သည် အခြား ဂျူရီအဖွဲ့က အောက်တရားရုံး တရားသူကြီး၏ အမိန့်ကို ဆိုင်းငံ့ရန် စဉ်းစားမှုများ ပြုလုပ်မည့် အချိန်အထိ ထိုအမိန့်စာကို ထိန်းချုပ်ကန့်သတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ယခုဆုံးဖြတ်ချက်အရ ကယ်လီဖိုးနီးယားပြည်နယ်၏ ပုံမှန် သေနတ်ကိုင်ဆောင်ခွင့်ဥပဒေသည် ထိုအတိုင်း ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး မိမိတို့သည် ခရိုင်တရားရုံး၏ အန္တရာယ်များလှသည့် စီရင်ချက်ကို အယူခံဝင်နေ ကြောင်း ဒီမိုကရက်တစ်ဦးဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်း (Gavin Newsom)က ပြောကြားခဲ့သည်။ 

အမေရိကန်နိုင်ငံမှာ သေနတ်ကိုင်ခွင့်ပြုရေး မပြုရေး ဆန့်ကျင်နေကြစဉ်

ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ပြည်သူပိုင် နေရာများတွင် သေနတ်ကိုင်ဆောင်မှု တားမြစ်သည့်ဥပဒေသည် ဇန်နဝါရီ ၁ ရက်ကစပြီး အကျုံးဝင် သက်ရောက်မည်ဖြစ်သည်။

အမေရိကန်တရားရုံးချုပ်သည် နယူးယောက် (New York) ပြည်နယ်၏ တင်းကျပ်သည့် သေနတ်ကိုင်ဆောင်ခွင့် အစီအစဉ်ကို လျှော့ချခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဒုတိယမြောက် ပြင်ဆင်ဖြည့်စွက်ချက်အရ မိမိကိုယ်ကို ကာကွယ်မှုအတွက် ပြည်သူပိုင်နေရာများတွင် လက်နက်ကိုင်ဆောင်ခွင့်ကို ဆက်လက် အတည်ပြုကြောင်း ပထမ ဆုံးအကြိမ် အတည်ပြုခဲ့သည်။

ထိုစီရင်ချက်သည် နိုင်ငံ၏ လက်နက်ကိုင်ဆောင်မှု ထုံးတမ်းစဉ်လာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းပုံ ဆိုင်ရာ သေနတ်ဥပဒေများအတွက် စမ်းသပ်ချက် အသစ်တစ်ခု ဖြစ်ခဲ့သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် အမေရိကန်တွင် သေနတ်ထိန်းချုပ်မှု ဥပဒေများကို အတင်းကျပ်ဆုံး ထုတ်ပြန် ထားသည့် ပြည်နယ်များထဲတွင် ပါဝင်ပြီး ယခုအသစ်ထုတ်ပြန်သည့် ဥပဒေအရ ဆေးရုံများ၊ ကစားကွင်းများ၊ အားကစားကွင်းများ၊ တိရစ္ဆာန်ဥယာဉ်များ၊ ဘာသာရေးဆိုင်ရာ နေရာများ အပါအဝင် နေရာပေါင်း ၂၆ နေရာတွင် သေနတ်များကို လျှို့ဝှက်သယ်ဆောင်ခွင့် ပိတ်ပင်ထားသည်။

Source: ရိုက်တာ