CNI International News
ဂူဝါဟတီ၊ ဇန်နဝါရီ ၂၃
လူမျိုးရေး ပဋိပက္ခများဖြစ်ပွားခဲ့သည့် မဏိပူရပြည်နယ်ကို မည်သည့်အရာကမျှ ဖျက်ဆီးနိုင်မည် မဟုတ်သလို ခွဲထွက်၍လည်း မရနိုင်ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်း (N Biren Singh) က ပြောကြားခဲ့ကြောင်း Deccan Herald သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မဏိပူရပြည်နယ်အတွင်းရှိ ခရိုင်များအားလုံးသည် ပြည်နယ်၏ စိတ်အပိုင်းများဖြစ်သဖြင့် ခွဲထုတ်၍မရနိုင်ကြောင်း ၎င်းက ပြောသည်။
မဏိပူရပြည်နယ်တွင် ကူကီး-ဇို လူမျိုးစုအဖွဲ့များက ခွဲထွက်ခွင့်တောင်းနေသည့် တောင်းဆိုချက်များကို ငြင်းပယ် သည့်အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“တောင်းဆိုချင်တယ်ဆိုရင်တော့ တောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် မဏိပူရကတော့ ဒီပုံစံအတိုင်းဘဲ မပြောင်းလဲ ဘဲ ဆက်ရှိနေမှာပါ။ မဏိပူရဟာ အိန္ဒိယရဲ့ ပြည်နယ်ပါ။ ခရိုင်တွေအားလုံးဟာလည်း မဏိပူရနဲ့ အိန္ဒိယရဲ့ အစိတ်အပိုင်းတွေပါ။ နယ်မြေ အစိတ်အပိုင်းတွေကို ဘယ်သူကမှ ခွဲထုတ်လို့ မရနိုင်ပါဘူး”ဟု ပြည်နယ်ဝန်ကြီး ချုပ် ဆင်းက ပြောကြားခဲ့သည်။
ကူကီး-ဇိုကောင်စီကို တွေ့ရစဉ်
ပြည်နယ်အတွင်းရှိ ကူကီး-ဇို အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေမှုနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဆင်းက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဆင်းသည် မဏိပူရပြည်နယ် ထူထောင်သည့် ၅၃ နှစ်မြောက်နေ့ကို အောင်ပွဲခံသည့် အခမ်းအနားတွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ကူကီး-ဇို အဖွဲ့များအားလုံး၏ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ကူကီး-ဇိုကောင်စီက ကူကီးလူမျိုးများ လွှမ်းမိုးထား သည့် ခရိုင်များအတွက် လွှတ်တော်တစ်ခုနှင့်အတူ ပြည်ထောင်စုနယ်နိမိတ်တစ်ခု ဖွဲ့စည်းပြီး သီးခြားအုပ်ချုပ်ခွင့် ပြုရန် အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ် ရှား (Amit Shah) ထံ နားလည်မှုစာချွန်လွှာ တင်သွင်းခဲ့ပြီး ရက်ပိုင်း အကြာတွင် ဆင်း၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကူကီးလူမျိုးများအပေါ် ကသည်းလူမျိုးများ၏ ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန်နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် သီးခြားအုပ်ချုပ်ခွင့်ပြုခြင်းက တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ကူကီး-ဇိုကောင်စီက ပြောကြားခဲ့သည်။
မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းကို တွေ့ရစဉ်
ကူကီး-ဇိုကောင်စီ၏ တောင်းဆိုချက်ကို ကသည်းအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး မြန်မာနိုင်ငံမှ တရားမဝင် ချင်း-ကူကီး ရွှေ့ပြောင်းနေထိုင်သူများကို ဖော်ထုတ်ရန်အတွက် အမျိုးသားနိုင်ငံသား မှတ်ပုံတင် စနစ်တစ်ခု အကောင်အထည်ဖော်ရန် ဗဟိုအစိုးရကို တိုက်တွန်းခဲ့သည်။
ကူကီးလူမျိုး အများအပြားသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဖြစ်ပြီး ကသည်းလူမျိုးများ၏ ဖြစ်တည်မှု နှင့် ယဉ်ကျေးမှုကို ခြိမ်းခြောက်နေကြောင်း ကသည်းအဖွဲ့အစည်းများက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလကစပြီး ကသည်းလူမျိုးများနှင့် ကူကီးလူမျိုးများအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူပေါင်း ၂၅၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။
Source: Deccan Herald