CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က နစက(ကောင်စီ) အစည်းအဝေး(၃/၂၀၂၃)ကို ကျင်းပခဲ့ရာမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး ကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိစေရေး ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်း အခြေခံ အချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ရွေးကောက်ပွဲအတွက် မဲစာရင်း ကြည့်နေသူ တစ်ဦးကိုတွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လာမည့် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိရေး အလေးထား ဆောင် ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် လိုအပ်သည့် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျှင် လူဦးရေစာရင်း ထွက်လာမည် ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားရ မည်ဖြစ်ပြီး မဲစာရင်းများ အပြည့်အဝ ကောက်ယူနိုင်မှသာလျင် မှန်ကန်သည့် မဲစာရင်းများ ရရှိ မည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်”ဟု ပြောသည်။

ထို့နောက် ရွေးကောက်ပွဲ တစ်ရပ်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်၍ရသည်ဖြစ်သော်လည်း မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ် ခိုင်မာစေရေး အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲစာရင်းကောက်ယူခြင်း လုပ်ငန်းများနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေး နိုင်ရေး ကြိုတင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရောနစ် မဲပေးစနစ်ဖြင့် စနစ်တကျ မဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်”ဟု ပြောသည်။

 ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့က နစက(ကောင်စီ) အစည်းအဝေး ကျင်းပနေစဉ်

ထို့နောက် နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျ ရှိစေရေးအတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်း ဆောင် ရွက် ပေးသွားမည်ဟု ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ယခင်က ပြောကြားခဲ့သော်လည်း နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေမရှိတော့ပေ။

ထို့နောက် ယခု ၂၀၂၄ ခုနှစ်မှ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ပြီး ကျင်းပမည်ဟု ပြောလာသည့် အပေါ် တွက်ကြည့်ပါက ၂၀၂၅ ခုနှစ်လောက်မှ ရွေးကောက်ပွဲ ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ များက ပြောသည်။