CNI International News

မော်စကို၊ စက်တင်ဘာ ၂

ယူကရိန်းသည် ရုရှားနိုင်ငံ၏ ခရစ် (Kursk) ဒေသရှိ ကာချာတော့ဗ် (Kurchatov) မြို့ကို ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အုပ်ချုပ်ရေး အဆောက်အအုံနှင့် လူနေအဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးသွားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ 

မော်စကိုမြို့တော်အနီး ရောက်လာသည့် ယူကရိန်း၏ ဒုတိယမြောက် ဒရုန်းကိုမူ ပစ်ချနိုင်ခဲ့သည်ဟု ဒေသခံ အရာရှိများက ပြောသည်။

စက်တင်ဘာ ၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ဒရုန်းတိုက်ခိုက်မှုကြောင့် ကာချာတော့ဗ်မြို့တွင် ထိခိုက် ပျက်စီးမှုများကို အရေးပေါ် အဖွဲ့များက စစ်ဆေးလေ့လာနေသည်ဟု ခရစ်ဒေသအုပ်ချုပ်ရေးမှူး ရိုမန် စတာရိုဗစ် (Roman Starovoit) က ပြောသည်။ 

"လူတွေ ထိခိုက်သေဆုံးမှု မရှိပါဘူး" ဟု စတာရိုဗစ်က Telegram တွင် ရေးသားဖော်ပြခဲ့သည်။

ကာချာတော့ဗ်မြို့ကိုတွေ့ရစဉ်

အစောပိုင်း ဖော်ပြချက်များအရ ကာချာတော့ဗ်မြို့တွင် ယူကရိန်း၏ ဒရုန်းနှစ်စင်းကြောင့် အဆောက်အအုံနှစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ဒရုန်းတစ်စင်းဖြင့်သာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောင်းလဲ ထုတ်ပြန်ခဲ့သည်။ 

ကာချာတော့ဗ်မြို့သည် ဆိုဗီယက်ခေတ်က Kursk နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ကီလိုမီတာ အနည်း ငယ်သာ ကွာဝေးသည့်နေရာတွင် တည်ရှိသည်။

Kursk နျူကလီးယား ဓာတ်အားပေးစက်ရုံသည် ရုရှား၏ အကြီးဆုံး နျူကလီးယား စက်ရုံများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။

 ခရစ်ဒေသအုပ်ချုပ်ရေးမှူး ရိုမန် စတာရိုဗစ်ကို တွေ့ရစဉ်

မော်စကိုမြို့တော်ဝန် ဆာဂျေ ဆိုယာနင် (Sergei Sobyanin) ကလည်း စက်တင်ဘာ ၁ ရက် အစောပိုင်းက ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့သည် မော်စကိုမြို့တော် အနီးသို့ ချဉ်းကပ်လာသည့် ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုဒရုန်းကို မော်စကိုမြို့လယ်၏ အရှေ့တောင်ပိုင်း ၂၀ ကီလိုမီတာ (၁၂ မိုင်) အကွာအဝေးရှိ လျူဘာစီ (Lyubertsy)မြို့အနီးတွင် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုယာနင်က Telegram တွင် ရေးသားခဲ့ပြီး အသေးစိတ် အချက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

ထိုဒရုန်း တိုက်ခိုက်မှုကြောင့် မော်စကိုမြို့တော်၏ အဓိက လေဆိပ်သုံးခုဖြစ်သည့် Sheremetyevo ၊ Domodedovo နှင့် Vnukovo လေဆိပ်များသည် စက်တင်ဘာ ၁ ရက် အစောပိုင်းတွင် ပြေးဆွဲရန် စီစဉ်ထားသည့် လေကြောင်းလိုင်းများကို ဖျက်သိမ်းခဲ့ရသည်ဟု ဒေသခံအွန်လိုင်းမီဒီယာများက ဖော်ပြခဲ့သည်။ 

မော်စကိုမြို့တော်တွင် ဒရုန်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ရင်ဆိုင်နေရသဖြင့် မော်စကိုလေကြောင်း ကာကွယ် ရေး တပ်ဖွဲ့ကို အင်အားတိုးမြှင့် စေလိုသည်ဟု မြို့တော်ဝန် ဆိုယာနင်က သြဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား