CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

မြန်မာ့တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများ၏ နယ်မြေစိုးမိုးမှု မည်မျှ ရှိနေသလဲဆိုသည့်အပေါ် စစ်ရေး-နိုင်ငံရေး အကဲခတ်များအကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။

မြန်မာ့တပ်မတော်ကို ခုခံတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)များသည် မြန်မာနိုင်ငံ၏ နယ်မြေဒေသ ၆၀ ရာခိုင်နှုန်းကျော်အား စိုးမိုးထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသည့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နယ်မြေစိုးမိုးမှုနှင့် ပတ်သက်၍ ပြောဆိုမှုကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်း၊ “ဝ”ကဲ့သို့ အုပ်ချုပ်နိုင်မှ နယ်မြေစိုးမိုးမှုဟု ပြောရမှာဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

 NUG  အဖွဲ့ကို တွေ့ရစဉ်

၎င်းက “အဲဒါကတော့ဗျာ၊ သူတို့ စိုးမိုးပုံ စိုးမိုးနည်းဆိုတာကတော့ အများကြီး ရှိတာပေါ့နော်၊ ဆိုပါတော့ ဥပမာ တကယ်စိုးမိုးတယ်လို့ ပြောဖို့အဓိပ္ပာယ်ကတော့ “ဝ”လိုပေါ့နော်၊ သူ့ပြည်နယ်မှာ သူ့ရဲ့ စနစ်တကျ အားလုံးကို လွှမ်းမိုးနိုင်တယ်၊ အရပ်ဖက်နယ်ပယ် အုပ်ချုပ်ရေးတွေလည်း သူ့လက်ထဲမှာ ရှိနေတယ်ဆိုတဲ့ သီးသန့် ရပ်တည်နိုင် တယ်ဆိုတဲ့ အနေအထားမှာက စိုးမိုးနိုင်တယ် ပြောရမှာကိုး။ စပ်ကြားနယ်မြေမှာ သူမထွက် ကိုယ်မထွက် ဆိုတဲ့ ဟာမျိုးမှာ ဘယ်လိုမှ စိုးမိုးတယ်လို့ ပြောလို့ မရဘူးလေ။ ဒါကြောင့်မို့လို့ သူတို့ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်ပြီး တော့ ဆန်းစစ်ပါဦးလို့ပဲ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ ဒီမိုကရေစီအင်အားစုများက လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုကို စတင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ နိုင်ငံတစ်ဝှမ်း တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးနိုင်မှုမှာ အခြေအနေမှန်ဖြစ်ကြောင်း၊ မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက် များတွင် စိုးမိုးထားကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုးကန့်တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “အဲဒါတော့ တကယ်စိုးမိုးထားနိုင်တဲ့ အခြေအနေ အမှန်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အထူးသဖြင့် အများပိုင်းကတော့ မြို့ပြဆင်ခြေဖုံးနဲ့ ကျေးလက်တွေကို ပြောရမှာပါ။ ဘာလို့ဆိုတော့ စစ်ကောင်စီတပ်တွေ မြို့ထဲမှာအပြီး မသိမ်းပိုက်နိုင်သေးတဲ့ နယ်မြေတွေ ရှိတဲ့နေရာတွေမှာ ဆင်ခြေဖုံးဒေသတွေ၊ ကျေးလက်ဒေသတွေ အများပိုင်းကတော့ ကျနော်တို့ လွှမ်းမိုးထားနိုင်တယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။ ကိုးကန့်ဒေသတော့ လွတ်မြောက်ပြီလို့ ပြောရမှာပေါ့ဗျာ၊ ဒါပေမဲ့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း တိုင်းရင်းသားတပ်ဖွဲ့တွေ လွှမ်းမိုးတဲ့ ဒေသတွေမှာတော့ သေချာပေါက်ရှိလာမှာပါ။ တကယ် မရှိနိုင်သေးတာက ကျနော်တို့ ဗမာအမျိုးသား ဒေသတွေပေါ့ဗျာ၊ အဲဒီဒေသတွေက မြို့ပြထဲကို မခြိမ်းခြောက်နိုင်သေးပါဘူး” ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA)၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ အနက် ၄၉ မြို့ကို တော်လှန်ရေး အင်အားစု များက သိမ်းပိုက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။