CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄
နစကနှင့် တွေ့ဆုံဆွေးနွေးရန် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက ထုတ်ပြန် ကြေညာ ခဲ့သည်။
ယနေ့ (ဒီဇင်ဘာ ၃ ရက်)မှစ၍ ရောက်ရာနေရာမှ မိမိတို့တပ်များသည် ချက်ချင်း အပစ်အခတ်ရပ်စဲပြီး မြန်မာ့ တပ်မတော်ကို အစပြုထိုးစစ်ဆင် တိုက်ခိုက်မည်မဟုတ်ကြောင်း၊ တရုတ်၏ ကြားဝင်စေ့စပ်ကြိုးပမ်း ဆောင်ရွက် မှုအောက်တွင် လားရှိုး အပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင် မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် မိမိတို့အနေဖြင့်လည်း တရုတ်၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားပါမည်ဟု MNDAA က ထုတ်ပြန်ခဲ့သည်။
MNDAA က “ တွေ့ဆုံ ဆွေးနွေးရာတွင် MNTJP/MNDAA မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ် ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထား ကွဲလွဲမှုများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသွား နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်”ဟု ပြောသည်။
MNDAA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့ကြောင့် နစကမှ မြန်မာနိုင်ငံ နေရာအနှံ့တွင် ဖော်ဆောင်နေသော ဝေဟင်နှင့် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေ မှုများကို ရပ်ဆိုင်းပေးရမည်ဖြစ်ကြောင်း၊ MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကို အားပေး ထောက်ခံသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားပါမည်ဟု ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်နှင့် MNDAA-TNLA-AA ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေးအတွက် တရုတ်က ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်မှာ ဟိုင်ဂင်ဆွေးနွေးပွဲစတင်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့က တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၃ ရက်အထိ တစ်ကြိမ် တွေ့ဆုံ ဆွေးနွေး၍ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။
ထို့နောက် နှစ်ဖက် အပစ်ရပ်စဲမှု ပြန်လည် ပျက်ပြယ်သွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ လုပ်မည့် ၆ ကြိမ် မြောက် ဆွေးနွေးပွဲလည်း ပျက်သွားရာ ယနေ့အချိန်ထိ ပြန်လည် မဆွေးနွေးနိုင်ဘဲ ဖြစ်နေသည်။