CNI International News

ပြုံယမ်း၊ ဇူလိုင် ၂၃

မြောက်ကိုရီးယားသည် ၎င်း၏ ရေတပ်အတွက် တန်ချိန် ၅၀၀၀ အလေးချိန်ရှိသည့် တတိယမြောက် ဖျက်သင်္ဘော ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးသတ် တည်ဆောက်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တန်ချိန် ၅၀၀၀ အလေးချိန်ရှိသည့် ပထမဆုံး ဖျက်သင်္ဘော Choe Hyon ကို ဧပြီလတွင် ရေချခဲ့ပြီးနောက် ဇူလိုင် ၂၂ ရက်တွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ဒုတိယမြောက် ဖျက်သင်္ဘောဖြစ်သည့် Kang Kon ကို မေလက ရေချခဲ့သော်လည်း သင်္ဘောသည် မတော်တဆ ဖြစ်၍ ပြုတ်ကျခဲ့သဖြင့် ပြန်လည်ပြင်ဆင်ပြီး ဇွန်လတွင် ဒုတိယအကြိမ်မြောက် ရေချခဲ့သည်။

နမ်ဖို(Nampho) သင်္ဘောကျင်းတွင် ပြုလုပ်သည့် အခမ်းအနား၌ မြောက်ကိုရီးယား၏ အာဏာရ ကိုရီးယား အလုပ်သမားပါတီ ထူထောင်သော နှစ်ပတ်လည်နေ့ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်၌ သင်္ဘော အသစ် တစ်စင်းကို အပြီးသတ် တည်ဆောက်မည်ဟု သင်္ဘောကျင်းရှိ အလုပ်သားများက ကတိပြုခဲ့ကြသည်။

မြောက်ကိုရီးယား စစ်သင်္ဘောကိုတွေ့ရစဉ်

မြောက်ကိုရီးယား၏ အင်အားကြီးသည့် စစ်တပ် ထူထောင်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွား ကို ကာကွယ်ရေးတို့အတွက် ထိုသတ်မှတ်ချိန်အတွင်း သင်္ဘောအား အပြီးသတ် တည်ဆောက်ရန် သင်္ဘောကျင်း အကြီးအကဲက အလုပ်သမားများကို တိုက်တွန်းခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

"ကျနော်တို့ရဲ့ ရေတပ်အင်အားကို ပိုမြင့်တက်အောင် လုပ်ဆောင်ရပါမယ်။ အဲဒါမှ ရန်သူတွေက ကျနော်တို့ကို ရန်စဖို့ မတွေးရဲကြမှာ ဖြစ်ပါတယ်"ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ဇွန်လ အတွင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင် သမ္မတ လီဂျေမြောင် (Lee Jae Myung) က ယခင်သမ္မတဟောင်း ယွန်းဆော့ရွဲ (Yoon Suk Yeol) ကဲ့သို့ မြောက်ကိုရီးယားအပေါ် သဘောထား တင်းမာခြင်းမရှိဘဲ ပျော့ပြောင်းသည့် မူဝါဒကို ချမှတ် လုပ် ဆောင်နေချိန်၌ မြောက်ကိုရီးယား၏ ဖျက်သင်္ဘောသစ် စီမံကိန်း ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Source: DW