CNI International News

မော်စကို၊ ဇူလိုင် ၂၃

ရုရှားသည် တာဝေးပျံသန်းနိုင်သော ရာနှင့်ချီသည့် ဒရုန်းများကို တစ်ချိန်တည်းမှာပင် အုပ်လိုက်လွှတ်တင်ပြီး ဇူလိုင် ၂၁ ရက် ညပိုင်းက ယူကရိန်းကို တိုက်ခိုက်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုဒရုန်းများသည် ပိုလန်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ယူကရိန်း၏ စစ်ဇုန်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဒေသခံများကို ထိတ်လန့်စေခဲ့သည်။

ရုရှားသည် ၂၀၂၄ ခုနှစ် အစောပိုင်း လများကစပြီး ယူကရိန်းကို တစ်ချိန်တည်းမှာပင် ဒရုန်းများ ရာချီလွှတ်တင်၍ တိုက်ခိုက်ခဲ့ကာ နောက်ပိုင်းတွင် ဒရုန်းအရေအတွက် ပိုမိုများပြားလာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

ဇူလိုင် ၈ ရက်က ရုရှားသည် ဒရုန်းအစင်းရေ ၇၀၀ ပါဝင်သည့် ဒရုန်းအုပ်စုဖြင့် တိုက်ခိုက်ခဲ့သည်။

ဒရုန်းတိုက်ခိုက်မှုကို တွေ့ရစဉ်

ထိုတိုက်ခိုက်မှုသည် တစ်ကြိမ်တည်းမှာပင် ဒရုန်း အများဆုံးပါဝင်သည့်  တိုက်ခိုက်မှုအဖြစ် စံချိန်တင်သွားခဲ့သည်။

ကျွမ်းကျင်သူများကမူ ရုရှားသည် တစ်နေ့လျှင် ဒရုန်း အစင်းရေ ၁၀၀၀ ကျော်အထိ လွှတ်တင်ပြီး တိုက်ခိုက်ဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။

ရုရှားအနေဖြင့် စက်တင်ဘာလ အစောပိုင်း မတိုင်မီ ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မယူပါက ပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ခြိမ်းခြောက်နေချိန်တွင် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခြင်းဖြစ်သည်။

ထို့ကြောင့် ရုရှားသည် အမေရိကန်၏ သတ်မှတ် ကာလမတိုင်မီ ယူကရိန်းအား တတ်နိုင်သမျှ ထိခိုက်ပျက်စီးမှု များပြားစေရန် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နေခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ရုရှားသည် အစောပိုင်းက အီရန်ထံမှ Shahed(ရှာဟီ) ဒရုန်းများကို မှာယူတင်သွင်းခဲ့ပြီးနောက် လက်ရှိတွင် ပြည်တွင်း၌ ဒရုန်းထုတ်လုပ်မှုများကို အရှိန်မြှင့်တင်နေသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒရုန်းတပ်ဖွဲ့ကို စစ်တပ်၏ သီးခြား တပ်ဖွဲ့တစ်ခုအဖြစ် ထူထောင်နေ ကြောင်း၊ ဒရုန်းစစ်ဆင်ရေး နည်းဗျူဟာများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

Source:AP