CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀

၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါက အာဏာကို တစ်ဦးတည်း ကိုင်ထားခြင်းထက် အဆင်ပြေ ဖြစ်လာမည့်အပြင် ပြောင်းလဲမှုများလည်း ပိုလုပ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌ အနေဖြင့် ပြောဆိုထားသည့်အတိုင်း ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်ပါက နေပြည်တော် အနေဖြင့် ပြဿနာရှိကာ အလူးအလဲခံရမည့် အခြေအနေမှာရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တကယ်လို့ ကျင်းပနိုင်ခဲ့ရင် အနည်းဆုံးတော့ လူတစ်ဦးတစ်ယောက်တည်းက ကိုင်ထားတဲ့ အာဏာ ၃ ရပ် က ၃ စု ၃ ဖွဲ့ ကိုင်ထားတာမျိုး ဖြစ်သွားမယ်ပေါ့။ ဖြစ်သွားပြီဆိုရင် အခုလက်ရှိ တစ်ဦးတည်း ကိုင်ထားတာထက် ချောင်ချောင်ချိချိ ဖြစ်လာမယ်။ အဲဒီအချိန်မှာ ပြောင်းလဲမှုတွေ လုပ်ချင်တယ်ဆိုရင်လည်း ပိုလုပ်နိုင်တယ်လို့ မြင်တာတွေရှိပါတယ်။  တကယ်လို့ မဖြစ်ဘူးဆိုရင်တော့ ဒီအတွက် နေပြည်တော် အနေနဲ့လည်း ပြဿနာပေါ့ လေ။ ဘာဖြစ်လို့ဆို ကျနော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေက ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ သူတို့လုပ်စရာ ရှိတဲ့အလုပ်တွေကို အကောင်အထည်ဖော်ချင်တာလေ။ အဲဒီတော့ နစကအနေနဲ့ အကောင်အထည်ဖော်ပေးလို့ မရဘူးဆိုရင်လည်း တိုက်ပွဲတွေက ပိုပြီး ကြမ်းလာနိုင်တယ်။ အခုလောလောဆယ်မှာတော့ တကယ်လို့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် လက်ရှိ သုံးစွဲနေတဲ့ လက်နက်ခဲယမ်း မီးကျောက်တွေက အနှေးနဲ့အမြန် ကုန်သွားနိုင် တယ်။ ထပ်လာဖို့လည်း မရှိဘူး။ အဲဒါဆိုရင် ရွေးကောက်ပွဲလည်း ကျင်းပနိုင်တယ်။ သို့သော်လည်းပဲ နစက အနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ အချိန်ထပ်ဆွဲမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေကလည်း ဒါတွေ စောင့်လို့ မရဘူးဆိုရင် မြန်မာနိုင်ငံထဲ စီးဝင်နေတဲ့ လက်နက်ခဲ(ယမ်း)မီးကျောက်တွေကလည်း ဆက်ပြီးတော့ စီးဝင်နေမှာပဲ။ အဲဒါ ဆိုရင် တော့ နောက်ဆုံးတော့ နစကလည်း မပြုတ်တာတောင်မှ အလူးအလဲခံရမယ့် အခြေအနေမှာရှိတယ်” ဟု ပြော သည်။

UEC က မဲပေးပုံကို ပါတီများကို ရှင်းပြနေစဉ်

နစကအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စအား တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများကြားတွင် ကတိပြု ပြောဆိုထားခြင်း ဖြစ်သည့်အတွက် မဖြစ်မနေ ကျင်းပမည်ဟု လည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

သို့သော် မကျင်းပနိုင်ခဲ့ပါက အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အနေဖြင့် နစကအပေါ် ယုံကြည်မှု ယခင်ကထက် ပိုမိုလျော့ကျသွားနိုင်ကြောင်းလည်း ၎င်းတို့က သုံးသပ်ကြသည်။

မြန်မာနိုင်ငံ၏ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်မည့် ရွေးကောက်ပွဲအဆင့်တစ်ခုကို သွားနိုင်ရန်မှာ  လက်ရှိ အနေအထားအရ အခက်အခဲ စိန်ခေါ်မှုများရှိကြောင်း 7EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ရွေးကောက်ပွဲရဲ့ သဘောသဘာဝကတော့ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်း process တစ်ခုပဲလေ။ ကျနော်တို့ နိုင်ငံအနေနဲ့ကလည်း ဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာကိုတော့ အဓိကကျပါတယ် လိုအပ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲ တစ်ခုလုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု၊ စိတ်ပါဝင်စားမှု၊ အားတက် သရောနဲ့ ဒီ process မှာ ပူး‌ပေါင်းဆောင်ရွက်တဲ့ အခင်းကျင်းကလည်း အဓိက အက္ခရာကျတယ်လို့ နားလည် တယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်းပဲ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးက မရှိမဖြစ် လိုအပ်နေတဲ့ အရာဖြစ်ပါတယ်။ တာဝန်ရှိတဲ့ သူတွေအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ တာ ရှိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့လည်း ကတိကဝတ် အာမခံ ပြုထားတာလည်းရှိတယ်။ လုပ်လို့ဖြစ် မဖြစ်ဆိုတာကတော့ ဖြစ်အောင်လုပ်ရင်တော့ ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လိုဖြစ်မလဲဆိုတာတော့ မသိဘူး။ တစ်နေရာဖြစ်တယ်ဆို တစ်နေရာလုပ်တယ် အဲဒါကို ပြောတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းကို တကယ်ကျော်လွှားနိုင်မယ့် ရွေးကောက်ပွဲ အဆင့်တစ်ခုကို သွားနိုင်ဖို့က ဒီအချိန် မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ရှိလိမ့်မယ်လို့ နားလည်ပါတယ်” ဟု ပြောသည်။

နစကအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလတွင် ရွေးကောက်ပွဲအတွက် ကြေညာလာနိုင်ပြီး နိုင်ဝင်ဘာလထဲတွင် အပြီးသတ် လုပ်ဆောင်လာနိုင်ကြောင်း၊ ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးရာ၌ ယခင်ကကဲ့သို့ တံဆိပ်တုံးထုရသည့် စနစ်မဟုတ်ဘဲ စက်နှင့် မဲပေးသည့် စနစ်မျိုးကို ပြောင်းလဲကျင့်သုံးရန် ပြင်ဆင်နေသည်။

အဆိုပါစနစ်သည် အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ အသုံးပြုနေသည့် စက်များအား အမှီပြုကာ မြန်မာနိုင်ငံက ကိုယ်ပိုင်တီထွင် ထုတ်လုပ်ထားသည့် မဲပေးစက်ဖြစ်ကြောင်းလည်း သိရသည်။