CNI International News

ဆစ်ဒနီ၊ ဩဂုတ် ၈

စက်တင်ဘာလထဲတွင် ကျင်းပမည့် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ် ခေါင်းဆောင်များ အစည်းအဝေးကို အမေရိကန်၊ တရုတ်နှင့် ထိုင်ဝမ် အပါအဝင် အလှူရှင်နိုင်ငံ ၂၁ နိုင်ငံကို ဖိတ်ကြားမည် မဟုတ်ကြောင်း ဆော်လမွန်ကျွန်းနိုင်ငံ၏ ဝန်ကြီးချုပ် ဂျရမိုင်ယာ မန်နယ်လီ (Jeremiah Manele) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရုတ်သည် ပစိဖိတ်ကျွန်းနိုင်ငံများ၏ အကြီးဆုံး လုံခြုံရေးမဟာမိတ်ဖြစ်ပြီး ဆော်လမွန်ကျွန်းနိုင်ငံသည် စက်တင်ဘာလတွင် အဖွဲ့ဝင် ၁၈ နိုင်ငံ ပါဝင်သည့် ဖိုရမ်၏ နှစ်ပတ်လည် အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။

ပစိဖိတ်ကျွန်းနိုင်ငံများအနက် ၃ နိုင်ငံသည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသဖြင့် တရုတ်သည် ထိုင်ဝမ်အရာရှိများကို ထိုအစည်းအဝေးတွင် တက်ရောက်စေခြင်း မရှိစေရန် ဆော်လမွန်ကျွန်းနိုင်ငံကို ဖိအားပေး မည့် အရေးအား ထိုနိုင်ငံများက စိုးရိမ်နေသည်။

ဆော်လမွန်ကျွန်းနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ထိုင်ဝမ်နှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး တရုတ်နှင့် သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်

ဆော်လမွန်အစိုးရအဖွဲ့သည် ယခုနှစ် အစည်းအဝေးတွင် မိတ်ဖက်နိုင်ငံများကို မဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် အဖွဲ့ဝင် ပစိဖိတ်ကျွန်းနိုင်ငံများ၏ သံတမန် ဆက်ဆံရေးများကို အပြီးသတ် ပြန်လည် မသုံးသပ်ရသေး၍ဖြစ်ကြောင်း မာနယ်လီက လွှတ်တော်ကို ပြောကြားခဲ့သည်။

ထိုဆုံးဖြတ်ချက်ကိုလည်း ဖိုရမ်တွင် ပါဝင်သည့် ကျွန်းနိုင်ငံများ၏ ခေါင်းဆောင်များအား အသိပေး အကြောင်း ကြားထားကြောင်း ၎င်းက ဆိုသည်။

သို့သော် ကမ္ဘာဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများသည် ထိုအစည်းအဝေးကို တက်ရောက်လိမ့်မည်ဟု မာနယ်လီက ပြောကြားခဲ့သည်။

လွှတ်တော်၏ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌဖြစ်သည့် အတိုက်အခံ နိုင်ငံရေးသမား ပီတာ ကီနီလိုရီယာဂျူနီ ယာ (Peter Kenilorea Jr) ကမူ အစိုးရ၏ ဆုံးဖြတ်ချက်သည် ကမ္ဘာလုံးဆိုင်ရာ အလှူရှင်နိုင်ငံများမှ ခေါင်းဆောင် များနှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးစေခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: Nikkei Asia