CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇

အကြမ်းဖက် သောင်းကျန်းသူများသည် နယ်မြေများကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် လမ်းတံတားနှင့် နေအိမ် တိုက်တာများကို တိုက်ခိုက်ဖျက်ဆီးနေခြင်းကို ဟန့်တားချေမှုန်းရန် အထူးလိုအပ်ပြီး လေကြောင်းစွမ်းအား မရှိမ ဖြစ် လိုအပ်လာသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ ခြင်း ဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်နှင့် ပြည်သူ ပူးပေါင်း လုပ်ဆောင် ချေမှုန်းမှုကြောင့် တဖြည်းဖြည်း အရေးနိမ့်လာလျက်ရှိကြောင်း၊ ၎င်းတို့ ခေတ္တစိုးမိုးထားသည့် နယ်မြေ များကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် နိုင်ငံပိုင် လမ်းတံတား အဆောက်အဦများ၊ ပြည်သူလူထု၏ နေအိမ် တိုက် တာနှင့် ပိုင်ဆိုင်မှုများကို သွေးရူးသွေးတန်း တိုက်ခိုက်ဖျက်ဆီး လုယက်ယူဆောင်လျက်ရှိကြောင်း၊ ထိုသို့ တိုက်ခိုက်ဖျက်ဆီးမှုများကို ဟန့်တားချေမှုန်းရန် အထူးလိုအပ်သည်” ဟု ပြောသည်။

ထို့နောက် လတ်တလောကာ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာမက ပြည်တွင်းတွင် ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည့် အခြေအနေ အရပ်ရပ်များတွင်ပါ လေယာဉ်/ရဟတ်ယာဉ်များ၊ ဒရုန်းနှင့် ယူအေဗွီများ အပါအဝင် လေကြောင်းစွမ်းအား အရင်းအမြစ်များသည် မရှိမဖြစ် လိုအပ်လာသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင် အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ကိုင် အင်အားစုများသည် မြို့ပေါင်း ၉၀ ကျော်ကို ထိန်းချုပ်ထားပြီး မြန်မာ့ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်လျက်ရှိသည်။ 

မြန်မာ့တပ်မတော်သည် လက်နက်ကိုင် အင်အားစုများဖြင့် ဖြစ်ပွားနေသော စစ်ပွဲတွင် လေကြောင်းကို အဓိက အားထားလျက်ရှိသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က လေယာဉ်/ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားမှာ Mi-17 ရဟတ်ယာဉ် ၄ စီး၊ Eurocopter ရဟတ်ယာဉ် ၂ စီး၊ Bell-206 ရဟတ်ယာဉ် ၂ စီး၊ H-125 ရဟတ်ယာဉ် ၂ စီး၊ MTX-1B ကင်းထောက်လေယာဉ် ၁ စီး၊ MTX-A ကင်းထောက်လေယာဉ် ၁ စီး၊ Grob-120 TP အမောင်းသင် လေယာဉ် ၁ စီး၊ ATR-72 သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီး၊ Beech-1900D သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီး၊ K-8 ဂျက် တိုက်လေယာဉ် ၄ စီး၊ MiG-29 ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ၅ စီး၊ Su-30 SME ဘက်စုံသုံး အကြီးစား ဂျက် တိုက်လေယာဉ် ၃ စီး၊ Su-30 SME  တိုက်လေယာဉ် ၂ စီး စသည့် လေယာဉ်/ရဟတ်ယာဉ်များကို ထုတ်ပြသွားခဲ့ သည်။