CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၁
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲ၌ လုံခြုံရေး ခြိမ်းခြောက်ခံရမှု ကြီးကြီးမားမားရှိနေခြင်း ကြောင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အပါအဝင် ပြည်သူလူထုသည် ဆင်ခြင်တုံတရားနှင့် သွားရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့မှာ စတင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ အခြေအနေကို ဆင်ခြင်တုံတရားဖြင့် ဖြတ်သန်းရမည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ဒီရွေးကောက်ပွဲ လုံခြုံရေးက နိုင်ငံတော်နဲ့ ဒီလုံခြုံရေးဆိုင်ရာက လုပ်ရမယ့်ကိစွလေ ကျနော်တို့ လုံခြုံရေး၊ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအတွက်ကတော့ ပါတီကနေပြီးတော့မှ ပါတီဝင်နေတဲ့ လူတွေ ကနေပြီးတော့မှ ဝိုင်းဝန်း လုပ်ဆောင်သွားမယ့်အပြင် လုံခြုံရေး အဖွဲ့အစည်းတွေကို အကူအညီ တောင်းခံသွားဖို့ ဆိုတဲ့ အစီအစဥ်လေးလည်း ရှိပါတယ်။ အဓိက,ကတော့ သူတို့တွေရဲ့ လုံခြုံရေးကို တာဝန်ယူရမှာ အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေလေ ကျနော်တို့ကတော့ အဲဒီဟာကို ကူညီပေးရမယ် ဝန်းရံပေးရမယ် မည်သို့ ပင်ဖြစ်စေခါမူ ဒီရွေးကောက်ပွဲသည် အစုဝင် ဖြတ်သန်းရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ လမ်းကူးသလိုပေါ့။ ဖြတ်ကူးရင်လည်း ကားတိုက်ခံရမှာလေ အဲတော့ ကျနော်တို့က ဆင်ခြင်တုံတရားနဲ့ပေါ့ အသိပညာလေးနဲ့ ဘယ်လို ရှောင်မလဲ၊ ဘယ်လိုသွားမယ်၊ ဘယ်ခြေလှမ်း လှမ်းမယ် စသဖြင့်ပေါ့နော် စဥ်ခြင်တုံတရားနဲ့ ဒီလမ်းကိုဖြတ်ကူး ရမှာပေါ့။ အဲဒီအတွက် ညှိနှိုင်းဆောင်ရွက်သွားဖို့တော့ ရှိပါတယ်”ဟု ပြောသည်။
ရွေးကောက်ပွဲ မဲထည့်ရန် ပြင်ဆင်နေကြစဉ်
လာမည့် ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ အပိုင်းလိုက် ခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။
ယခင်ကလည်း မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို လုံခြုံရေး အားနည်းမှုနှင့် နယ်မြေ တည်ငြိမ်မှု မရှိခြင်းကြောင့် ၁၉၅၁ ခုနှစ်၊ ဇွန်လမှ ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အပိုင်းလိုက်ခွဲ၍ ကျင်းပခဲ့ဖူး သည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများကို နိုင်ငံရေး အရွေ့တစ်ခုအား သွားနိုင်ရန် ရွေးချယ်ပြီး တာဝန်ပေးရန် အတွက် ဆောင်ရွက်နေသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
USDP ပါတီကို တွေ့ရစဉ်
၎င်းက “လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့ပါတီ အနေနဲ့ပေါ့။ နိုင်ငံရေး အရွေ့တစ်ခုကို သွားနိုင် ဖို့အတွက်ကို ကျနော်တို့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ ရွေးချယ်ပြီးတော့ တာဝန်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေ ပါတယ်။ အဲဒါအပြင် ကျနော်တို့ အခုရွေးကောက်ပွဲစနစ်က နှစ်ပိုင်းဖြစ်ပါတယ်။ FPTP နိုင်သူ အကုန်ယူနဲ့ PR အချိုးကျကိုယ်စားပြုစနစ် ဆိုပြီးတော့ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ ကိုယ်စားလှယ်တွေကို သင့်တော်တဲ့ နေရာတွေမှာ ထားနိုင်ဖို့အတွက်ကို ကျနော်တို့ ရွေးချယ်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အထပ်ထပ် အခါအခါ ဖြစ်တဲ့အတွက် နောက်ဆုံး ကျနော်တို့ ဟိုဟာပေါ့။ စတင်ပြီးတော့ ကိုယ်စားလှယ်လောင်းတွေ တင်ပေးရမယ့် အခြေအနေအထိကို ဆောင်ရွက်နေပါတယ်။ ပါတီဆိုတဲ့အတွက် ကျနော်တို့ လက်နက် ကိုင်ဆောင်ခွင့် ကျနော် တို့မှာ မရှိပါဘူး။ တည်ဆဲဥပဒေနဲ့အညီ ရပ်တည်ရတဲ့ ပါတီ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ နိုင်ငံတော်ဘက် အပိုင်းကလည်းပဲ လုံခြုံရေးပိုင်းဆိုင်ရာကို သေသေချာချာ ဂရုစိုက် ဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ ရာဇသတ်ကြီးဥပဒေမှာလည်း ရှိထားပြီးသား ဖြစ်ပါတယ်။ မိမိ ကိုယ် ကိုယ် ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေ ပုဒ်မတွေ ပြောရရင်တော့ အားလုံးဟာ ဥပဒေနဲ့အညီ ရပ်တည် ဆောင်ရွက် သွားမယ်လို့ ကျနော် ဖြေကြားလိုပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအား နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်ပြားအောင်လုပ်ခြင်း၊ လူသေ ဆုံးခြင်း၊ လူသေအောင်လုပ်ခြင်း စသည့် တစ်ခုခုအား ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းကနေ သေဒဏ်အထိ ပေးနိုင်သော ရွေးကောက်ပွဲဆိုင်ရာ အကာအကွယ်ပေးရေး ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ထိုး ပြဋ္ဌာန်းထားသည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့မှ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကိုလည်း အရေးပေါ် အခြေအနေ ကြေညာထားပြီး တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထား သည်။