CNI International News

လန်ဒန်၊ သြဂုတ် ၅

ဗြိတိန်တွင် ဓားဖြင့်တိုက်ခိုက်မှုအတွင်း မိန်းကလေးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းမှားများနှင့် ဆက်နွှယ် သည့် မငြိမ်မသက်မှုများ နိုင်ငံတစ်ဝန်း ပျံ့နှံ့ခဲ့သောကြောင့် ချီတက်ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့နှင့် လက်ယာယိမ်း ဆန္ဒပြသူများကြား အဓိကရုဏ်းဖြစ်ပွားခဲ့သည်ဟု အယ်ဂျားဇီးယားမှ ဖော်ပြခဲ့သည်။

ဇူလိုင် ၂၉ ရက်က ဆောက်ပို့(Southport)မြို့တွင် ကလေးငယ်များအတွက် အကသင်တန်းတစ်ခုအတွင်း ဓားဖြင့် တိုက်ခိုက်ခဲ့သည့် သံသယရှိသူသည် မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူ တစ်ဦးဖြစ်ကြောင်း လူမှုမီဒီယာတွင် သတင်းအမှားများ လျင်လျင်မြန်မြန် ပျံ့နှံ့လာခဲ့သည်။

ထို့နောက် လတ်တလော ရက်များအတွင်း မြို့အများအပြားတွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြသူ ရာချီပါဝင်သော ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

ဓားဖြင့် တိုက်ခိုက်သည်ဟု သံသယရှိသူ အသက် ၁၇ နှစ်အရွယ် အက်ဇဲလ် ရူဒါကူဘာနာ(Axel Rudakubana)ကို ဝေးလ်စ်နိုင်ငံ၊ ကာဒစ်ဖ်မြို့တော် (Cardiff)တွင် မွေးဖွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူ ထိပ်တိုက်တွေ့စဉ်

သို့သော် ရွှေ့ပြောင်းနေထိုင်သူများ ဆန့်ကျင်ရေးနှင့် မွတ်စလင် ဆန့်ကျင်သည့် ဆန္ဒပြသူများက သြဂုတ် ၂ ရက် ညနေခင်းအချိန်တွင် ဆန်းဒါးလန်းမြို့(Sunderland)အပါအဝင် နေရာအနှံ့အပြားမှာ ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

ထို့နောက် ဆန္ဒပြမှုများသည် အကြမ်းဖက်မှုနှင့် အဓိကရုဏ်းအသွင်သို့ တဖြည်းဖြည်း ကူးပြောင်းလာခဲ့သည်။

အင်္ဂလန်အနောက်မြောက်ပိုင်း လီဗာပူးလ်(Liverpool)မြို့တွင် ဆန္ဒပြသူများသည် ရဲအရာရှိများကို ထိုင်ခုံများ၊ အချက်ပြမီးများ၊ အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့သည်။ 

အလားတူ မန်ချက်စတာ(Manchester)မြို့အနီးတွင်လည်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

“လီဗာပူးလ်မြို့တော်ခန်းမမှာ ရန်လိုနေတဲ့ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရချိန် အရာရှိ အများအပြား ဒဏ်ရာ ရခဲ့ပါတယ်”ဟု မာဆေးဆိုက်(Merseyside)ကောင်တီ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အိုင်ယာလန်မြောက်ပိုင်း(Northern Ireland) ဘယ်ဖတ်မြို့(Belfast)တွင် မွတ်စလင် ဆန့်ကျင်သည့်အဖွဲ့နှင့် လူမျိုးရေခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြသူများအကြား တင်းမာမှုဖြစ်ပွားချိန် မီးရှုးမီးပန်းများ ပစ်ဖောက်ခဲ့သည်။

ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူ ထိပ်တိုက်တွေ့စဉ်

မြို့အတွင်းရှိ စီးပွားရေး လုပ်ငန်းအချို့တွင် အဆောက်အအုံ အပျက်အစီးအချို့ရှိခဲ့သည်။

လိဒ်မြို့(Leeds)တွင် လူပေါင်း ၁၅၀ ခန့်က ဗြိတိန်အလံများကို ကိုင်ဆောင်ကာ “ခင်ဗျားတို့ အင်္ဂလန်နိုင်ငံသားတွေ မဟုတ်ဘူး”ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြပြီး ၎င်းတို့ကို တန်ပြန်ဆန္ဒပြသူများက “နာဇီ ဆန်ကုန်မြေလေးတွေ”ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ဆန့်ကျင်ဘက် ဆန္ဒပြအဖွဲ့များသည် နော်တင်ဟန်မြို့လယ်တွင် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

ဝန်ကြီးချုပ် ကီယာစတာမာ(Keir Starmer)က အကြမ်းဖက်မှုများအတွက် လက်ယာယိမ်းများကို ပြစ်တင် ရှုတ်ချ ခဲ့ပြီး ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်။

Source - အယ်ဂျားဇီးယား